Thursday, April 6, 2017

သူရဲကောင်း ကိုးကွယ်မှုမှ ဖက်ဒရယ်နှင့် လူမျိုးစုတို့ အရေး


သူရဲကောင်း ကိုးကွယ်မှုမှ ဖက်ဒရယ်နှင့် လူမျိုးစုတို့ အရေး
=======

အမေရိကန်မှာ ဘာဖြစ်လို့ အာဇာနည်တွေ မရှိသလည်းလို့
စဉ်းစား ကြည့်မိတယ် ။ လူဦးရေက သန်း( ၃၀၀ )ကျော် သမိုင်းကြောင်းကလည်း အရှည်ကြီး ပဲ ။
သမတ လင်ကွန်းလည်း လုပ်ကြံ ခံရတာပဲ ။
သူလည်း အာဇာနည် မဖြစ်ဘူး ။
သမတ ကနေဒီလည်း လုပ်ကြံ ခံရတာပဲ ။
သူလည်းပဲ အာဇာနည် မဖြစ်ဘူး ။

သေချာ စဉ်းစား ကြည့်စမ် ။၊ အမေရိကန်တွေက တိုင်းပြည် အတွက်
လုပ်ဆောင်ရင်း အသက်ပေး ခဲ့တဲ့ သူတွေကို ဘယ်လို ဂုဏ်ပြုကြ
သလည်း ပေါ့ ။

ရှိတာ ပေါ့ ။ Memorial day အောက်မေ့ဘွယ် နေ့လေးမှာ
ကျန်ရစ်သူတွေက စွန့်လွတ်ခဲ့သူတွေ အားလုံး အတွက်
ရည်စူးပြီး ဂုဏ်ပြုတာလေးက တစ်မျိုး ချစ်စရာ ကောင်းတယ် ။
ဘယ်သူ နာမည်မှလည်း မတပ်ဘူး ။ ရာထူး အကြီးအငယ်လည်း
တန်းမစီ ထားဘူး ။ အားလုံး အသက်စွန့်တာခြင်း အတူတူ
တန်းတူ ဂုဏ်ပြု ပေးကြတယ် ။ လူတိုင်းကို တန်ဖိုးထား ပြတယ် ။

လက်စသတ်တော့ အမေရိကန်တွေဟာ
သူတို့ နောင်လာ နောက်သားတွေကို သူရဲကောင်း
ကိုးကွယ်တဲ့ ၀ါဒ( Heroism )ကို အမွေ မပေးခဲ့ဘူး ဆိုတာ ပါပဲ ။

တို့ မြန်မာနိုင်ငံကတော့ ဆန့်ကျင်ဘက်ကြီး ပဲ ။
သူငယ်တန်းက စလို့ တက္ကသိုလ် ရောက်တဲ့ အထိ
သူရဲကောင်း ဆိုတာ ကိုးကွယ်ရာ သင်ခန်းစာကို
အဆက်မပြတ် သင်ပေး ခဲ့တယ် ။ အကျိုးဆက်ကတော့
နိုင်ငံရေး လောင်းရိပ်အောက်က ထွက်ကို မထွက်နိုင်တော့ ဘူး ။
ဆက်ပြီး ကိုးကွယ်ကြ ။ နောင် အနှစ်တရာ တစ်ထောင် ၊
တစ်သောင်း ၊ တစ်သိန်းထိ လောင်းရိပ်ကတော့ ထိုးနေဦးမှာ ပဲ ။

ဒါကြောင့် တို့ မြန်မာပြည်မှာ ဟီးရိုး ကိုးကွယ် သူတွေက
လူတစ်ယောက်ကို နှိမ့်ချ ပြောဆိုချင်ရင်
" မင်းက ဘာကောင်မို့လို့လည်း " ဆိုပြီး
အဘိုးကိုလည်း လာပြီ မယှဉ်လေနဲ့ ။
အဖကိုလည်း လာပြီး မယှဉ်လေနဲ့ ။
အမေ့ကိုလည်း လာပြီး မယဉ်လေနဲ့ ဆိုပြီး
ပြောနေ ကြတာ လူတိုင်း သိကြပါတယ် ။
ဒါဆိုရင် လူတစ်ယောက်ရဲ့ တန်ဖိုး ဆိုတာက
ဘယ်ရောက် သွားပြီလဲ ။ ဒီလိုပဲ အမြဲတမ်း အနင်းချေ
ခံနေရမှာ လား ။ မေးစရာ ရှိလာပါတယ် ။

ဒါကြောင့် ကျနော်က ဟီးရိုး ကိုးကွယ်တဲ့ ၀ါဒကို
နားလည်မိလိုက်တာကတော့ မိမိကိုယ်ကို
မယုံကြည်ကြသူတွေဟာ ဟီးရိုးကို ကြေးရုပ် ထုပြီး
ဘုရားလို ကိုးကွယ် ခိုင်းလိုက်တာ ပါပဲ ။

NCA နဲ့ ဖက်ဒရယ်ကြားက ကွက်လပ်လေး တစ်ခု

ဖက်ဒရယ် စနစ်ရဲ့ အစစ်အမှန် မူဝါဒကို သိကြသူ အတော်ပင် နည်းတယ် ။
လွှတ်တော် ခန်းမထဲကို ရောက်နေကြသူတွေပင် နားလည်း ထားကြပုံ မရ ။
အင်္ဂလိပ်စာ အလွန်တော်သော နိုင်ငံ ဥသျှောင် အတိုင်ပင်ခံသည်ပင်လျှင်
မသိ ကျိုးကျွန်နေသည်ပဲလား မပြောတတ်ပါ ။ NCA ကိုပဲ လက်မှတ် ထိုးကြ
ပါလို့ တိုက်တွန်းနေတာက လွဲလို့ စစ်ခေါင်းဆောင်တွေ နားလည် လက်ခံ
လာဖို့ လုပ်နိုင်စွမ်းကို ပြသနိုင်ခဲ့ခြင်း မရှိဘူး ။

အမေရိကန်တွေဟာ သူတို့ လက်ခံထားတဲ့ ဖက်ဒရယ် မူဝါဒကို
လူထု သိအောင် အခွင့်အခါသင့်တိုင်း လက်ဆင့်ကမ်း သယ်ဆောင်
ခဲ့တဲ့ အလေ့အထတွေ ရှိခဲ့တယ် ။ ဒါဆိုရင် ဖက်ဒရယ်ရဲ့ အခြေခံ
သဘောတရားဟာ ဘာတဲ့ လဲ ။

Inaugural Address, West Front of the U.S. Capitol, January 20, 1981
အမေရိကန် သမတ ရော်နယ်လ်ရီဂင် သမတ စတင်ဖြစ်တဲ့ နေ့မှာ
သမိုင်းဝင် ပြောကြားခဲ့တဲ့ ဖက်ဒရယ် မူရဲ့ အခြေခံ အနှစ်သာရ ပါ ။

( သမတ ရီဂင် မိန့်ခွန်းထဲက ကောက်နုတ်ချက် …………. )
All of us need to be reminded that the federal government did not
create the states; the states created the federal government.
အားလုံးကို ပြန်ပြောင်းပြီး သတိ ပေးရဦးမယ် ။ ဖက်ဒရယ် အစိုးရကနေ ပြည်နယ်တွေကို ဖန်တီးခဲ့တာ မဟုတ်ဘူး နော် ။ ပြည်နယ်တွေကသာ ဖက်ဒရယ် အစိုးရကို ဖန်တီး ခဲ့ကြတာ ပါ ။
လို့ သူဟာ ပြည်သူတွေကို သတိ ပေးခဲ့တယ် ။

ဒီနေ့ ဒီလို ဖက်ဒရယ် စနစ်ရဲ့ အခြေခံ မူဝါဒကို
ကျနော်တို့ မြန်မာပြည်မှာ ဖက်ဒရယ် ပြည်ထောင်စုကို
တည်ဆောက် ကြမယ်လို့ ပါးစပ်က ပြောနေကြသူတောင်
သူတို့ ကိုယ်တိုင် နားလည် လက်ခံဖို့ အတော်ပင် အလှမ်း ဝေးနေသေးတယ် ။

၁၉၄၇ ခုနှစ်မှာ ရေးဆွဲ ခဲ့ပြီး လွတ်လပ်ရေး ယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့
ပထမဦးဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေရဲ့ အခန်း(၁၀)ထဲမှာ
( ၁၀ )နှစ်ပြည့်ပြီး ပြည်နယ် တစ်ခုကလျှင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို
အတိအလင်း ပြဌါန်း ခဲ့တယ် ။

အဓိပါယ်ကို ပြန်ကောက် ရရင် မြန်မာပြည်ဟာ
ဗမာ တစ်မျိုးသားတည်းကပိုင်ဆိုင်ခဲ့တာ မဟုတ်ဘူး ။
တိုင်းရင်းသားတွေ အားလုံးနဲ့
အတူတကွ ပိုင်ဆိုင်ကြတယ် ဆိုတဲ့ အသိ
ဗိုလ်ချုပ်တို့ ခေတ်မှာ ရှိခဲ့ကြတာကို မမေ့သင့်ကြ ပါ ။

အာဏာရှင် နေ၀င်းကို ကျနော်တို့ အလွန် ရွံ့မုန်းခဲ့ကြပေမယ့်
သူချခဲ့တဲ့ လမ်းစဉ် ဖြစ်တဲ့ ဖက်ဒရယ် ဆိုတာ ခွဲထွက်ခြင်းလို့
ကျနော်တို့ ရင်ထဲက မသိမသာ လက်ခံ ခဲ့ကြတယ် ။

ဒီလိုပဲ ဆက်ပြီး ဒီ မူဝါဒ အမှားကို လက်ခံ နေသ၍
ဖက်ဒရယ် စနစ် ဆိုတာ စုပေါင်း တည်ဆောက်ခြင်း ဆိုတဲ့
အဓိပါယ်ကို ဖျောက်ပစ်တဲ့ တရားခံတွေ အထဲမှာ
ကျနော်တို့ပါ တနွယ်စင် တစ်ငင်ပါ ဖြစ်နေ ပါလိမ့်မယ် ။

သေချာအောင် ထပ်ပြောမယ် ......
ကျနော်က ခွဲထွက်ခြင်းကို အားပေးလိုခြင်း မဟုတ်ပါ ။
ဖက်ဒရယ်ရဲ့ အခြေခံ ဖြစ်တဲ့ သမတ ရီဂင် ပြောခဲ့တဲ့ အထဲက
ပြည်နယ်တွေကသာ ဖက်ဒရယ် အစိုးရကို ဖန်တီး ခဲ့ကြတာကို
သက်သေ သာဓကဖြင့် ပြည်သူတွေ အားလုံး အပါအ၀င်
တပ်မတော်သားတွေက ပါ လက်ခံ လာနိုင်ကြအောင်
အသိပေး လိုခြင်း မျှသာ ဖြစ်ပါတယ် ။

ဖက်ဒရယ် အစစ်ကို တည်ဆောက် ကြပြီး ငြိမ်းချမ်း ကြပါစေ ။

တိုင်းပြည်ရဲ့ တန်ဘိုး ရှိတဲ့ အမွေအနှစ်ထဲမှာ
ယဉ်ကျေးမှု ဓလေ့ ထုံးစံ ၊ ဘာသာ စကား ကွဲပြားတဲ့
လူမျိုးစု ပေါင်းစုံ နေကြခြင်းပင် ဖြစ်တယ် ။

ဒီ အမွေအနှစ်ကို ထိန်းသိမ်းဖို့ ဆိုတာ
ကျနော်တို့ အားလုံးရဲ့ တာဝန် ဖြစ်ပါတယ် ။

ဒါပေမယ့် တိုင်းရင်းသားတွေကို အစိုးရ အဆက်ဆက်က
မြန်မာမှု ပြုတယ်လို့ ပြောရင်တော့ မကြိုက်ချင်ကြဘူး ။

ဒီနေ့ ခင်ဗျားတို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်ကို ပြန်ကြည့် ကြပါ ။
မော်လမြိုင်သား ၊ မုဒုံသား ၊ ဘားအံသားတွေ ဆိုရင် မွန်ဖြစ်ဖြစ်
ကရင်ဖြစ်ဖြစ် မြန်မာ စကားပဲ ပြောတယ် ။
အလားတူ တောင်ကြီး ၊ မြစ်ကြီးနား ဒီလိုပဲ ရှိကြမှာ ပဲ ။

ကိုယ့်နဲ့ အနီးဆုံးတွေ မျိုးသားချင်း တစ်ထောင် နီးပါးကို
ပြန်ကြည့်မိတယ် ။ ပထမမျိုးဆက်က အသက်ကြီးလို့
ကုန်ခါ နီးပြီ ၊ ဒုတိယ မျိုးဆက် ကျတော့ ကျနော် အပါအ၀င် ပေါ့ ။
မြန်မာလို မွတ်နေအောင် ပြောနိုင် ဆိုနိုင် ပေမယ့် စာဖတ် တတ်ဖို့
ဝေလာ ဝေး ၊ မွန်လိုကျတော့ ကျိုးတိုး ကျိုးတဲ ပြောတတ်တော့ တယ် ။
တတိယ မျိုးဆက် ကျတော့ လုံးဝ ရာနှုန်းပြည့်
မြန်မာ စကား ပြောသူများ ဖြစ်ကုန် ကြပြီ ။

ဒီလိုပဲ ရာစုနှစ် တစ်ခုစီမှာ တိုင်းရင်းသားတွေ ဘယ်လောက်
ပြုန်းတီး သွားကြ ကုန်ပြီလဲ ။ သေချာ စဉ်းစား ကြည့်လို့ ရတယ် ။
ဒီလို ပြုန်းတီးတဲ့ အထဲမှာ သီအိုရီ အရ ဗမာလည်း ပါတယ် ဆိုပေမယ့်
ဘာသာ စကား တူနေသာမို့ ဘာမှ မသိသာဘူ ။၊ ဗမာလည်း မြန်မာ
မြန်မာလည်း ဗမာ ဆိုပြီး ကျန်တဲ့ တိုင်းရင်းသားတွေလို အမျိုးပျောက်မှာ ကို
မပူပင် ကြတော့ ဘူး ။

Language makes Nationality ဆိုတဲ့ အတိုင်း
ဘာသာ စကားက လူမျိုးကို ဖြစ်စေတယ် ဆိုတဲ့ မြန်မာမှု ပြုခြင်း
ဖြစ်နေ သမျှတော့ ဘာမှ ပူစရာ မလိုဘူး ပေါ့ ။

ဒါပေမယ့် မြန်မာဟာ ဗမာ မဟုတ် ။ ငါတို့ တိုင်းရင်းသား အားလုံးကနေ
ဆင်းသက် လာတဲ့ မျိုးနွယ် ပေါင်းစု ဖြစ်တယ် ။ ငါတို့ အားလုံးနဲ့ ဆိုင်တယ် ။
ပြည်ထောင်စု လူမျိုး ဖြစ်တယ်လို့ တိုင်းရင်းသားတွေ တညီတစ်ညွတ်ထဲ
လက်ခံ လိုက်တဲ့ တနေ့ကျရင် နောင်တ ရကြ လိမ့်မယ် ။

အဲ့ဒီ အချိန်မှာ ဗမာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံး
သင်္ကေတတွေ ကျန်ပါ့ဦးမလား ။ တရုတ်က ဖိ ကုလားက အိ
ဆိုသလို တရုတ်နဲ့ ကုလားကြားမှာ ပန်းသေး မြန်မာတွေ
ဖြစ်ကုန် ကြမှ မလွဲဘူး ။

ဘုန်းတင့်ကျော်ရဲ့ ပျူ ရှာပုံတော် ဖွင့်သလို
ပုဂံကို သွားပြီး ဟိုတူးစွ ဒီတူးဆွနဲ့
ဒါဟာ ဗမာ အမွေအနှစ်တွေ ဆိုပြီး ပြတိုက်မှာ
ထားဖို့ လုပ်နေ ရဦးမယ် ။ ဗမာပြည်နယ် တစ်ခုကို
အခြားသော တိုင်းရင်းသားတွေနဲ့ တန်းတူ
ရယူပြီး ပုဂံ ၊ အင်းဝ ၊ မန္တလေး ၊ မကွေးတွေကိုစု
ပြည်နယ် တစ်ခု ယူထား သင့်တယ် ဆိုရင်
စိတ်ဆိုး ကြသူတွေကို အများကြီး တွေ့ရလို့
တစ်ခါတစ်လေ စဉ်းစားရ အတော် ကြပ်တယ် ။
အမွေအနှစ်ကို ရယူ ထိန်းသိမ်း ရမှန်း မသိတဲ့
အမွေဆုံး သားစဉ် မျိုးဆက်တွေလို ဖြစ်လိမ့်မယ် ။

သူတို့ စိတ်ထဲမှာ ခေတ်အဆက်ဆက် မြန်မာမှု ပြုလာခဲ့တာတွေကို
ကျေနှပ် နှစ်သိမ့် နေကြပုံ ပါပဲ ။ အမှန်တကယ် ဆိုရင်
ဒါဟာ မှန်ကန်တဲ့ အတွေးအခေါ် မဟုတ်နိုင်ဘူး ။
ကိုယ်က အခြား တိုင်းရင်းသားတွေကို တိုင်းရင်းသားလို့ လက်ခံ ယုံကြည်ပြီး
ကိုယ့် ဗမာ တိုင်းရင်းသားကို ကျတော့ ကိုယ့် ဘာသာ အသိအမှတ် မပြုပဲ
ကိုယ့် ဘာသာ ကိုယ့် မသိမသာ ပြန်ပြီး ငြင်း ဆိုတဲ့ ဒွိဟစိတ်နဲ့
လူတွေလို ဖြစ်နေ ကြတယ် ။

မမှန်ကန်ဘူး ဆိုတာ သိရဲ့သားနဲ့
အစိုးရ အဆက်ဆက်ကို အပြစ် မမြင်ပဲ
ဒီလို ပြောလာတဲ့ တိုင်းရင်းသားတွေကိုပဲ
အမြင်ကျဉ်းသူတွေလို့ ထင်မြင် လာတတ် ကြတယ် ။
အမှန်တကယ်မှာ မိမိ ဘာသာ အမြင်မကျယ်တာကို မသိမမြင် ကြတာပါ ။

မြန်မာ ကျောင်းတက် ၊ မြန်မာ စကား ပြော ၊
မြန်မာ သီချင်း နာေးထာင် လာခဲ့ကြတာ
ရာစုနှစ်ကိုပင် ချည်းကပ် လာပြီ ဆိုတော့
တိုင်းရင်းသားတွေ ဆိုတာ ပရုပ်လုံးတွေလို
လုံးပါးပါးပြီး ရနံ့လောက်ပင် ကျန်ခဲ့တော့ မယ် ။

ဒါကို စာနာ ရမှန်း မသိကြဘူး ဆိုရင် တိုင်းရင်းသားတွေ
တစ်နေ့ ပရုပ်လုံး ကွယ်ပျောက်ပြီး အငွေ့အသက်လေးတွေ ပဲ
ကျန်တဲ့ အချိန်မှာ မြန်မာ ဆိုတာ ဗမာ မဟုတ်နိုင်တော့ ဘူး ဆိုတာ
သူတို့ အလိုလို လက်ခံ လာကြတော့ မှာပါလေ ။

ဖက်ဒရယ်နဲ့ ဝေးလေလေ အဲ့ဒီ အချိန်အခါက နီးလာ လေလေ ပဲ ။
ဖက်ဒရယ်ကို တည်ဆောက်နိုင်ကြမှ သာ
ကိုယ်စီကိုယ်ငှ ကိုယ့် ဘာသာ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံတွေကို
ထိန်းသိမ်းခွင့် ရကြမှာ ပဲ ။ ဖက်ဒရယ်ကို ငါတို့ လက်မခံနိုင်ဘူး
မျှဝေ မခံစားနိုင်ဘူး ဆိုရင် တရားမျှတမှု ဆိုတဲ့
အသိစိတ် ကွယ်ပျောက် သွားခဲ့ရပြီ ။

ဒါဆိုရင် ဗမာ အင်ပါယာကိုသာ တစ်က စပြီး ပြန်လည်
တည်ထောင် ကြရန်သာ အဖြေ ကျန်ပါတော့ တယ် ။

ကိုကိုဦး

အပစ်ရပ် ရှမ်းတပ်မတော် စခန်းအား မြန်မာ့တပ်မတော်မှ ပစ်ခတ်မှု ဖြေရှင်းပေးရန် JMC-S အား တိုင်ကြား


အပစ်ရပ် ရှမ်းတပ်မတော် စခန်းအား မြန်မာ့တပ်မတော်မှ ပစ်ခတ်မှု ဖြေရှင်းပေးရန် JMC-S အား တိုင်ကြား

ဧပြီလ ၆ ရက် ၊ ၂၀၁၇ ခုနှစ်
သတင်းနှင့်မီဒီယာ ကွန်ရက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထား သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၏ တပ်စခန်းတစ်ခုအား မြန်မာ့တပ်မတော်မှ ဧပြီလ (၅) ရက်နေ့ က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC-S) ကို တိုင်ကြားထားသည်ဟု RCSS က ပြောသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ပင်လုံမြို့နယ် မြောက်ဘက်၊ (၁၀) မိုင်ခန့်အကွာတွင်ရှိသည့် RCSS တပ်စခန်းတခုအား အစိုးရတပ်မတော်က ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည့်အတွက် NCA ကို အစိုးရတပ်မတော်ဘက်မှ ချိုးဖောက်နေသည့်အပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် JMC-S ကို တိုင်ကြားထားခြင်း ဖြစ်သည်ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု-ဗိုလ်မှူး ကြီး စိုင်းငင်း က ပြောသည်။

“အဲ့ဒီတိုက်ပွဲဖြစ်ဖြစ်ချင်းမှာပဲ ကျနော်တို့ JMC-S ကနေပြီးတော့ စာရေးအကြောင်းကြားထား တာရှိတယ်။ ကျနော်တို့ နယ်မြေထဲကို လက်နက်ကိုင်ပြီးဝင်လာတာ အကြောင်းမကြားတာက လည်း NCA ကို ချိုးဖောက်ရာ ရောက်တာပေါ့နော်။ အခုလို တိုက်ပွဲဖြစ်တာကလည်း မဖြစ်သင့် ကြောင်း ကျနော် တို့ JMC-S က နေပြီးတော့ အကြောင်းကြားထားတာ ရှိပါတယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါဆို တဲ့အကြောင်း ဒီနေ့ပဲ စာရေးထားတာ ရှိပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အရ တစ်ဖက် အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သ ဘောတူညီချက်ဖြင့် သွားလာခြင်း၊ တဖက်နယ်မြေအတွင်း သွားမည်ဆိုပါက တဖက်က ကြိုတင် အကြောင်းကြားခြင်းများ ပြုလုပ်ဖို့ လက်မှတ်ထိုးထားကြသော်လည်း အစိုးရတပ်မတော်မှ တစ်စုံ တစ်ရာ အကြောင်းကြားခြင်းမရှိသည့်အပြင် ယခုကဲသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသည် NCA ကို တပ်မတော်မှ ချိုးဖောက်ခြင်း ဖြစ်သည်ဟု RCSS က ပြောသည်။

ခိုလမ်မြို့ အခြေဆိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၂၄၆) ခြေ လျင်တပ်ရင်းမှ လှုပ်ရှားစစ်ကြောင်း အင်အား (၆၀) ခန့်က ပင်လုံမြို့နယ်မြောက်ဘက် (၁၀) မိုင် အကွာတွင်ရှိသည့် နမ့်ဆိုင်း ကျေးရွာအနီးရှိ RCSS ထိန်းချုပ်နယ်မြေထဲ တစ်စုံတစ်ရာ အကြောင်း ကြားခြင်းမရှိပဲ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ဆက် ပြောသည်။

“အဲ့ဒီ နမ့်ဆိုင်းကျေးရွာ ဒီ တပ်အီးကျေးရွာအုပ်စုပေါ့ အဲ့နားမှာ တိုက်ပွဲ ဖြစ်တာ ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့ နေ့ခင်း ၁၂ နာရီခွဲ ကနေပြီးတော့ မွန်လွဲ တစ်နာရီအထိ မိနစ်သုံးဆယ်ကြာတဲ့ တိုက် ပွဲ ဖြစ်တယ်၊ ကျနော်တို့ရဲ့ ထိန်းချူပ်ရာ နယ်မြေထဲကို သူက အကြောင်းမကြားပဲနဲ့ ဝင်လာတော့ ဒီလို ရုတ်တရက် ရင်ဆိုင် တိုက်ပွဲ ဖြစ်တဲ့သဘောပါ။ နည်းနည်းပါးပါး ထိခိုက်တယ်လို့တော့ကြား တယ်။” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် နောက် ပိုင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် မြန်မာ့ တပ်မတော်တို့ အကြား မတ်လအတွင်းကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တစ်နှစ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/ SSA) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမို ကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။

Wednesday, April 5, 2017

တိုင်းရင်းသား ပြည်​သူ​တွေ ​လွတ်​လပ်​ ၊ လွတ်​​မြောက်​ ​စေဖို့ရန်

တိုင်းရင်းသား ပြည်​သူ​တွေ ​လွတ်​လပ်​ ၊ လွတ်​​မြောက်​ ​စေဖို့ရန်​ နှင့်​ တိုင်းရင်းသား ပြည်​သူ အတွက်​ အ​ကောင်းဆုံး တရားဥပ​ဒေ စိုးမိုး​ရေးနဲ့ တရား ဥပ​ဒေ ပြဌာန်း ​ပေးဖို့ အ​ရေး အတွက်​ လက်​နက်​ စွဲကိုင်​ခြင်း ဖြစ်​သလို နိုင်​ငံသစ်​ အတွက်​လည်း ပြဌာန်းမည့် စနစ်​ ၊ မူ ​​ကောင်းဖို့ရန်​ တိုက်​ပွဲ ဝင်​​နေရခြင်း ဖြစ်​တယ်​ ။

ကချင် KIO နှင့် ရှမ်း SSPP တို့ UNFC တွင် ဆက်လက် တည်ရှိ



ကချင် KIO နှင့် ရှမ်း SSPP တို့ UNFC တွင်ဆက်လက်တည်ရှိ

Caption-UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး(NMG) Caption-UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး(NMG)
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သော “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” တွင်ပါဝင်နေသော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
UNFC ဒုဥက္ကဌနိုင်ဟံသာက“ စစ်ရေးလိုအပ်ချက်အရ မြောက်ပိုင်းမဟာမိတ်တွေမှာ သူတို့ပေါင်းလိုက်ရပေမယ့် နိုင်ငံရေးအရUNFC မှာဆက်လက်ပါဝင်နေပါတယ်၊ NCA ဆွေးနွေးတဲ့လမ်းကြောင်းကို သူတို့လက်ခံပါတယ်၊ သူတို့ UNFC ကနေနုတ်ထွက်တာမဟုတ်ပါဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီလ ၃ ရက်နေ့က ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးပထမနေ့တွင် သတင်းထောက်များကို UNFC ဒုဥက္ကဌ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။
“မူအားဖြင့်သဘောတူတဲ့ ၉ ချက်ကို ပိုခိုင်မာအောင်ပေါ့၊ အဲဒီ ၉ ချက်ကို အရင်က NCA မူနဲ့ပေါင်းပြီး ရှေ့ဆက်သွားနိုင်ဖို့ နားလည်မှုတွေရပါတယ်” ဟု သူက ဆက်ပြောသည်။
UNFC ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်နှင့်-DPN အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ UNFC အဆိုပြုထားသည့် အချက် ၉ ချက်ကို မူအားဖြင့် သဘောတူကြောင်း ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) စတုတ္ထအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့နှင့် စတင်ဖွဲ့စည်းခဲ့သည့် UNFC တွင် ကရင် KNU, ချင်း CNF, ပအိုဝ်PNLO စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနုတ်ထွက်၍ NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) စသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်လျက်ရှိသည်။
သို့ရာတွင် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမည့် လမ်းကြောင်းကိုလက်မခံသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သော “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် KIO နှင့် SSPP အဖွဲ့တို့ပူးပေါင်းပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

Monday, April 3, 2017

တကယ်တော့ ဒေါ်စုဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း လမ်းကြောင်းကို ဘာမှ မသိတဲ့ သူတစ်ယောက်

တကယ်တော့ ဒေါ်စုဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း လမ်းကြောင်းကို ဘာမှ မသိတဲ့ သူတစ်ယောက် ဖြစ်တယ် ။
၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ ဝင်လို့ ပါ ဆိုတာ သူ့ အတွက် ကြည့်ကောင်း အုံးမယ့် စကားတာ ဖြစ်မယ် ။ အခုတော့ သူ့ရဲ့ ပင်ကိုယ် အရည်အချင်း ၊ လုပ်ပုံ ကိုင်ပုံ ၊ စိတ်ထားတွေက သူ့ကို သက်သေ အဖြစ် ဖော်ပြ နေလို့ပဲ ဖြစ်တယ် ။

အင်းစိန် တိုက်ပွဲ


အင်းစိန် တိုက်ပွဲ
=====

တိုက်ပွဲ အစပိုင်း
=====

၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်း၌အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။

မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို့ ပြောင်းရွှေ့ လာကြသည်။

၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံလေတပ်စခန်းရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကလေတပ်စခန်းကိုတိုက်ပြီးနောက် သိမ်းပိုက်ထားခြင်း သို့ မဟုတ်ဖျက်ဆီးပစ်ခြင်းမပြုဘဲအင်းစိန်စုရပ်သို့ ပြန်လာကြသည်။

ဤသည်မှာ စစ်ရေးအရလုပ်လေ့လုပ်ထမရှိသော အမှားအယွင်းဖြစ်သည်။ စစ်ပညာအရ ရန်သူ့ အင်အားဖြစ်စေသောအရာမှန်သမျှ
သိမ်းပိုက်ထား၍မရပါက ရန်သူ့ လက်ထဲပြန်မရောက်သွားအောင် လုပ်ရမည်ဖြစ်သည်။ ဤနည်းကို မြန်မာစစ်တပ်က သုဝဏ္ဏဘူမိ မွန်ပြည်၊ စယမ်ထိုင်းတို့ ၏အယုဒ္ဓယ နှင့် တိုင်းရင်းသားညီနောင်ရင်းတို့ ၏ စစ်ရေးအခြေခံဒေသများကိုတိုက်ခိုက်ရာတွင် မလွတ်တမ်းအသုံးချခဲ့သောစစ်ရေးထာဝရနည်းနာတရပ်ဖြစ်သည်။ ၂၀၀၀ခုနှစ်မတိုင်မီ ကေအဲန်ယူစခန်းများကို ယာယီသိမ်းပိုက်ထားနိုင်ခဲ့စဉ်ကလည်း ကရင့်အသက်သွေးကျောဖြစ်သော ကျွန်းတောများကို မြေလှန်ပြီးတလင်းပြင်လုပ်ပစ်ခဲ့သည်။

မဂ်လာဒုံလေယဉ်ကွင်းကိုကရင်ကမသိမ်မးပိုက်ထားသော်လည်း လေယဉ်မှူးများနှင့် လေတပ်အမှုထမ်းများမှာမူ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ပြေးသွားကြပြီဖြစ်သဖြင့် မြန်မာ့လေတပ်မှ နယ်ရောက်စစ်ကူများကိုသွားရောက် သယ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ စစ်တွေ(ထိုစဉ်က အကယပ်ဟုခေါ်သည်) လေယဉ်ကွင်းတွင်ဆိုက်ကပ်ထားသည့် အင်ဒိုနီးရှားပိုင် ခရီးသည်တင်လေယဉ်ဖြင့် အမှတ်(၅)ဘားမားရိုင်ဖယ်တပ်ရင်း မင်္ဂလာဒုံသို့ ညတွင်းခြင်းစစ်ကူရောက်လာသည်။ မင်္ဂလာဒုံကို ကရင်များကကြိုတင်ဖျက်ဆီးထားခဲ့ပါက မြန်မာစစ်ကူများအဖို့ စစ်တွေမှ ရန်ကုန်အရောက် ပင်လယ်ခရီးမှလာရမှရမည်ဖြစ်သဖြင့်
၂ပတ်ခန့် ကြာမည်။
အင်းစိန်ကိုအစိုးရတပ်ကစတင်တိုက်ခိုက်လာသောအခါတွင် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။

ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။

ဘေးပတ် အကြောင်းအရာများ
======

အင်းစိန်မြို့ ကိုမသိမ်းမီက တွံတေးမြို့ ကို ဦးစွာသိမ်းပိုက်ထားပြီးဖြစ်သဖြင့် ရန်ကုန် ပြင်ပနှင့်ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ရေလမ်းများအားလုံးကိုလဲ ကရင်တပ်များက ဖြတ်တောက်ထိမ်းချုပ်ထားလိုက်သည်။
ပြည်တွင်းပြည်ပ မီဒီယာအားလုံးက မြန်မာအစိုးရကို ဖဆပလအစိုးရ အစား (၇) မိုင်အစိုးရဟုပြောင်းလဲသုံးနှုန်းလာသည်။
အင်းစိန်ကိုသိမ်းပိုက်ပြီးနောက်တပတ်တွင် သထုံမှ မွန်နှင့် ကရင်တပ်ဖွဲ့ များ ရောက်လာသဖြင့် မွန်တပ်အပါအ၀င်
ကရင်တပ်များ အင်အား တထောင့် ငါးရာကျော်ဖြစ်လာသည်။ ဖဆပလအစိုးရ၏ ဘားမားရိုင်ဖယ် တပ်ရင်း(၅)၊UMP တပ်များ၊ LEVY တပ်များနှင့်ရန်ကုန်တက္ကသိုလ်အပျော်တမ်းတပ်များအပြင် တိုက်လေယဉ်များ သံချပ်ကားများ အမြှောက်တပ်များ စစ်ရေယဉ်များဖြင့် နယ်ဘက်မှစစ်တပ်များကလည်း အင်းစိန်ကို နေ့ ညမပြတ်မလာရောက်ထိုးနှက်တိုက်ခိုက်သည်။

အစိုးရဘက်က လက်နက်ခဲယမ်းမီးကျောက် လိုအပ်သလိုရရှိနေသည်ကိုတွေ့ ရပြီး ကရင်များဘက်တွင်မူ တိုက်ပွဲတလခန့် အကြာတွင် ခဲယမ်းမီးကျောက်ပြတ်လပ်လာပြီဖြစ်သည်။စစ်ပညာကျွမ်းကျင်မှုကြောင့် ကျန်ရှိသမျှကျည်ဆံများဖြင့် ရန်သူကို တချက်တကောင်နှုန်း အမှည့်ချွေနိုင်၍သာလျှင် ဆက်လက်ခုခံနေနိုင်သေးခြင်းဖြစ်သည်။ အင်းစိန်မြို့နေရာအနှံ့ အပြားတွင် လက်နက်ခဲယမ်းမီး ကျောက်ရရှိနိုင်သောနေရာများကိုအသဲအသန်မြေလှန်ရှာဖွေကြသည်။
ကံအားလျှော်စွာ ကုလားလူမျိုးတဦးကသတင်းပေးသဖြင့် အင်္ဂလိပ်တို့ မြှုပ်နှံသွားသည့် ကျည်ဆံအမြားအပြားကိုတူးဖေါ်ရရှိကာ
နောက်ထပ် (၃) လခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။

ဤနည်းဖြင့် ကရင်တပ်များ (၁၁၁)ရက် တိုင်တိုင်ခုခံတိုက်ခိုက်ပြီး ၁၉၄၉ မေလ(၂၁) ရက်တွင်အင်းစိန်မှဆုတ်ခွာကြသည်။ တိုက်ပွဲတွင်အင်အားထောင်ပေါင်းများစွာသုံးသော ဖဆပလ အစိုးရတပ်ဘက်က (၅၀၀၀) ကျော်ခန့် ကျဆုံးပြီး အင်အား တထောင့် ငါးရာကျော်ရှိသော ကရင်များဘက်က (၂၀၀) နီးပါးကျဆုံးသည်။ ကရင်ဘက်တွင် ဒဏ်ရာရသူ (၈၀၀)ကျော်ရှိသည်။
အင်းစိန်ကို ကရင်တပ်များကသိမ်းပိုက်ထားစအချိန်တွင် မြန်မာ့အသံမှ” ပြည်ထောင်စုမြန်မာနိုင်ငံသည် ကြီးမားသည့်အန္တရာယ် အတွင်းသို့ ကျရောက်နေကြာင်း” ၃ကြိမ်ထုတ်လွှင့်ကျေညာသည်ကိုကြားခဲ့ရကြောင်း ထိုသို့ ကျေညာပြီးနောက်ပိုင်းတွင် ရေဒီယို အသံလွှင့်ချက်များတိတ်သွားသည်။မကြာမီလူထုအတွင်းတွင် အင်းစိန်မြို့ကို ကရင်တပ်များသိမ်းလိုက်ပြီဆိုသည့်သတင်းများ ပြန့် ထွက်လာသည်။

ထိုအချိန်သည်မြန်မာပြည် သမတမှာ ရှမ်းအမျိုးသား စ၀်ရွှေသိုက်ဖြစ်ပြီး ၀န်ကြီးချုပ်မှာ ဦးနုဖြစ်သည်။ဖဆပလ က အစိုးရဖြစ်လျှက် အုပ်ချုပ်ရေးအာဏာ အားလုံးဝန်ကြီးချုပ်လက်တွင်ရှိသော ပါလီမန်ဒီမိုကရေစီဖြစ်သည်။သမတမှာမူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို အလှည့်ကျတင်မြှောက်ထားပြီး အုပ်ချုပ်ရေးနှင့်နိုင်ငံရေးတိုက်ရိုက်အာဏာမရှိသော အနေအထားဖြစ်သည်။ အရာရာတွင် ၀န်ကြီးချုပ်၏တင်ပြတောင်းဆိုချက်အတိုင်း တသွေမတိမ်း လက်မှတ်ရေးထိုးအတည်ပြုပေးရသော နိုင်ငံတော်တံဆိတ်တုံး ကြီးအဖြစ်သမတအားထားရှိသည်။

အင်းစိန်တိုက်ပွဲမစမီတွင် မြန်မာ့တပ်မတော်စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ အင်းစိန်တိုက်ပွဲစဖြစ်လာသောအခါ ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအားသိမ်းယူစေခဲ့သည်။ ဗိုလ်နေ၀င်းဗိုလ်ချုပ်ဖြစ်လာသောအခါ ဗိုလ်မှူးချုပ်ကျော်ဇောကို အင်းစိန်စစ်ဆင်ရေးမှူးအဖြစ်တာဝန်ပေးခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် ဗိုလ်မှုးချုပ်ကျော်ဇော ဒါဏ်ရာပြင်းထန်စွာရခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် အမေရိကန်ကထောက်ပံ့ထားသော ရှမ်းပြည်နယ်မှ ပြည်ပြေးတရုတ်ကူမင်တန်များကိုချေမှုန်းစစ်ဆင်ရေးတွင် နာမယ်ကြီးလာသူဖြစ်သည်။ အမေရိကန်က တရုပ်ဖြူကူမင်တန်များကိုထောက်ပံ့ထားရခြင်းမှာ ဂျပန်ထိုးစစ်တုန်းက အမေရိကန် အဂ်လိပ်နှင့် ကူမင်တန်တို့ က တရုတ်ပြည်တွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့စဉ်က CBI မဟာမိတ်များဖြစ်ခဲ့ပြီး အပြန်အလှန်ကူညီရေးစာချုပ်များရှိခဲ့၍ဖြစ်သည်။ CBI ဆိုသည်မှာ China Burma India Theater(Warfare) ဖြစ်သည်။

ကရင်များနှင့်တိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲသည် သူ့ စစ်ရေးဘ၀အတွေ့ အကြုံအားလုံးအနက် ကျဆုံးမှုအများဆုံး ဆုံးရှုံးမှု အကြီးမားဆုံးဟု ဗကပ အဖြစ် တရုတ်ပြည် ကူမင်မြို့တွင် ခိုလှုံနေစဉ် ၂၀၀၀ခုနှစ်များက ကဗိုလ်ချုပ်ကျော်ဇောမှမီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။

ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး
=======

အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။

ဦးနုကိုယ်တိုင်စောဘဦးကြီးထံရေးသားသော ကမ်းလှမ်းစာတွင် ကရင်ဗမာစစ်ပွဲကြောင့်လူထုတွေသေကြေပျက်စီးကြပြီးမြို့ ပြ နေအိမ်အဆောက်အဦးများမီးလောင်ပျက်စီးဆုံးရှူံးရသဖြင့် စေ့စပ်ဆွေးနွေးလိုကြောင်းပါရှိသည်။ ဥက္ကဌစောဘဦးကြီးက ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ၁၉၄၉ ဧပြီလ(၅)ရက်နေ့ တွင် ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးပွဲသို့ မသွားခင်တွင် ကရင်ခေါင်းဆောင်များက အစည်းအဝေးခေါ်ယူပြီး ဘာတွေပြောဆိုကြမည်၊ ဘာကိုလက်ခံပြီး ဘာကိုလက်မခံ စသည်တို့ ကို စေ့စေ့စပ်စပ်ကြိုတင်ညှိနှိုင်းမှုများမလုပ်ခဲ့ပေ။ တွေ့ ဆုံဆွေးနွေးပွဲ သို့ စောဘဦးကြီးနှင့်အတူ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ သွားရောက်ခဲ့ပြီး အစိုးရဘက်က ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ တက်ရောက်သည်။

ငြိမ်းချမ်းရေးလိုလားသောစိတ်အရင်းခံကြောင့်သော်လည်းကောင်း ကရင်လူမျိုးအချင်းချင်းဖြစ်သော ငြိမ်းချမ်းရေး အကျိုးဆောင်ဂုဏ်သရေရှိလူကြီးများ၏ဖျောင့်ဖျမှုကြောင့်သော်လည်းကောင်း ဦးနုအစိုးရ၏ ကရင်များလက်နက်ချပြီးအစိုးရနှင့်ပြန်လည်ပေါင်းစည်းရေး ငြိမ်းချမ်းရေးစာချုပ်ကို ဥက္ကဌစောဘဦးကြီး သဘောတူလက်မှတ်ထိုးခဲ့သည်။ သဘောတူညီချက်အရ ဧပြီလ(၈) ရက်နေ့  သမိုင်းတွင် လက်နက်ချပွဲလုပ်ရန်ပါရှိသည်။ အင်းစိန်စခန်းသို့ ပြန်ရောက်သောအခါ တခြားကရင်ခေါင်းဆောင်များက ထောင်ကွက်ထဲ ကျရောက်သွားပြီဟု တွက်ချက်ပြကြသည်။ ဥက္ကဌစောဘဦးကြီးက မိမိမှာ KNU အနေနှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သဖြင့် ဦးနုအစိုးရနှင့်တိုက်ရိုက်စစ်ဖြစ်နေပြီး မတရားသင်းကျေညာထားခံရသော KNDO ကိုယ်တိုင် စေ့စပ်ပွဲသို့ သွားရောက်ပြောဆိုပြီး လက်မှတ်ထိုးခြင်းကို ရုပ်သိမ်းသင့်လျှင် ရုပ်သိမ်းခဲ့ရန်ကြရန် မန်းဘဇန်ကို ညွှန်ကြားခဲ့သည်။

သို့ ဖြစ်၍ ဧပြီလ (၆) ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြသည်။
ကရင်ကိုယ်စားလှည်အဖွဲ့ တွင်ထိုစဉ်က အင်းစိန်တိုက်ပွဲတွင်ပါဝင်သော ကရင်ခေါင်းဆောင်များဖြစ်သည့် KNDO တည်ထောင်သူ မန်းဘဇန်၊ ဗိုလ်စိုင်းကေနှင့် ဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်သဖြင့် အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန် မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆိုသဖြင့်ဆွေးနွေးပွဲ ပျက်သွားသည်။

အဂ္ဂ

Saturday, April 1, 2017

မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ( သို့မဟုတ် ) အမေ့ခံ လူသား တစ်ဦး


မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ( သို့မဟုတ် ) အမေ့ခံ လူသား တစ်ဦး
===========

ဗိုလ်ချုပ် စမစ်ဒွန်း ဘာကြောင့် လွတ်လပ်ပြီး ခေတ် ဗမာ့ တပ်မတော် ရဲ့ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ရသလဲ။ သူ့ ကို ဘာလို့ ခန့်ခဲ့သလဲ။

ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူ မှာ စစ်သား နဲ့ နိုင်ငံရေး ကင်းရှင်းအပ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ် စစ်ဝတ်စုံ ချွတ်ပြီးမှ နိုင်ငံရေး လုပ်ခဲ့ပုံ နဲ့ ဥပမာ ပြုရင်း ပြောရာမှာ ဗိုလ်ချုပ် က အဲဒီလို နိုင်ငံရေးလုပ်ဖို့ တပ်မတော် ရာထူး စွန့်အပြီးမှာ စစ်တပ် ကိုတော့ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ Professional Soldier ဗိုလ်ချုပ် စမစ်ဒွန်း ကို ဦးစီးဖို့ လျာထားခဲ့တယ်လို့ ထည့်ဆိုသွားတယ်။ ဗိုလ်ချုပ် ရဲ့ စစ်သား နဲ့ နိုင်ငံရေး အလုပ် ခံယူချက် ကို သူ့ လုပ်ရပ် အရ အငြင်းပွားစရာ မရှိ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း ကို စစ်ဦးစီးချုပ် လုပ်ဖို့ ဗိုလ်ချုပ် လျာထားခဲ့တယ် ဆိုတာကတော့ တကယ့် သမိုင်း နောက်ခံ အရ “အပြည့်အဝ” မမှန်ဘူး။

ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီ စာချုပ် အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး တို့လို အင်္ဂလိပ်သင်တန်းဆင်း (British trained) ဗြိတိသျှဘားမား တပ် က လာသူတွေနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း တို့လို ဂျပန်သင်တန်းဆင်း (Japan trained) မျိုးချစ် ဗမာ့တပ်မတော် ဘက်က လာသူတွေ ဆိုပြီး အုပ်စု နှစ်ခု ပါဝင်ခဲ့တယ်။ မျိုးချစ်ဘက် ဘီအိုင်အေ၊ ဘီဒီအေ ဆက်ထဲက ဗမာ့တပ်မတော် အတွက် ရွေးချယ်ခံရတဲ့ အရာရှိ အားလုံး (ရဲဘော်သုံးကျိပ်ဝင် ပါ မကျန်) အင်္ဂလိပ် စစ်သင်တန်း ပြန်တက်ရတယ်။ ပြီးတော့မှ အင်္ဂလိပ် အရာရှိတွေ လက်အောက်မှာ ဗမာ့တပ်မတော် ရဲ့ အရာရှိငယ်တွေ အဖြစ် တာဝန်ထမ်းဆောင်ရတယ်။ ဗမာ အရာရှိတွေ စစ်ပညာ၊ အုပ်ချုပ်ရေး ပညာ နဲ့ အတွေ့အကြုံ ရလာချိန် နောင်မှာ တဖြည်းဖြည်းနဲ့ အင်္ဂလိပ် အရာရှိတွေ က အကြံပေး အနေနဲ့သာ ရပ်တည်၊ နောက်ဆုံး လုံးဝ နေရာဖယ်ပေး၊ ဒီလို သဘော နဲ့ စခဲ့တယ်။

ဒီလို သဘောမှာ လွတ်လပ်ရေး မရခင်၊ ဗိုလ်ချုပ်လည်း မကျ ခင် ဗိုလ်ချုပ် စစ်တပ် ရာထူး စွန့်ချိန် မှာ သူ့ ရဲ့ စစ်တပ် အရိုက်အရာ ခေါင်းဆောင်မှု ကို လွှဲပေးခဲ့သူက ဗိုလ်လက်ျာ သာ ဖြစ်တယ်။ ဒီအချက် ကို ဘယ်သမိုင်းမှတ်တမ်းမှာ ကြည့်ကြည့်၊ သမိုင်းမှာ ပါဝင်ခဲ့သူ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ် နိုင်ငံရေး အစုအဖွဲ့ အမျိုးမျိုး နဲ့ စစ်တပ် က ဘယ်လိုပုဂ္ဂိုလ်မျိုး ကို ကိုးကား ကိုးကား သိနိုင်တယ်။ ဗိုလ်လက်ျာ ဟာ ဗိုလ်ချုပ်ပြီးရင် ဒုတိယ စစ်ခေါင်းဆောင် ဆိုတဲ့ သဘောဟာ ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ ခေတ်ကတည်းက သမိုင်းဖြစ်ရပ်တွေအရ ထင်ရှားတယ်။

ဂျပန်တော်လှန်ရေး အပြီး ဗမာ့မျိုးချစ်တပ်မတော် ရဲ့ ရာထူးအဆင့် မှာ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-စစ်သေနာပတိ ဗိုလ်မှူးကြီး လက်ျာ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျ တို့ ရှိတယ်။ (ဗိုလ်နေဝင်း က နောက်ခံ နိုင်ငံရေးသမိုင်း အပြင် ပုဂ္ဂလိက ဘဝ ဖြစ်ရပ်တွေ ကြောင့် စစ်တပ်ရာထူးမှာ ဗိုလ်ဇေယျ အောက် ရောက်လိုက်၊ အထက်ရောက်လိုက် အမျိုးမျိုး ဖြစ်နေခဲ့တယ်။ ကာလအပိုင်းအခြား အလိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူ့ အပေါ် ကိုင်တွယ်ပုံ အလိုက် ရာထူး အတက်အကျ ပြောင်းလဲ နေခဲ့တယ်။)
ဒီ အနေအထား နဲ့ ကန္ဒီ စာချုပ် (၁၉၄၅-စက်တင်ဘာ-၇) ချုပ်တယ်။ စာချုပ်အရ ဆိုခဲ့သလို ဗမာ့တပ်မတော် ပြန်ဖွဲ့တယ်။

ဗြိတိသျှဘားမား တပ်ဘက်က လာတဲ့ ဗိုလ်ချုပ် စမစ်ဒွန်း က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) ဖြစ်လာတယ်။ ဗိုလ်မှူးချုပ် စောကြာဒိုး က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်လာတယ်။ ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff)၊ ရေကြောင်းတပ်မှူး ခင်မောင်ဘို (မေယု စစ်သင်္ဘော အင်္ဂလိပ်ဆီက ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူတော့ ဗိုလ်ချုပ် အမိန့်ပြန်တမ်း အရ မေယု စစ်သင်္ဘော ရဲ့ ပထဦးဆုံး ဗမာ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သူ) က ကာကွယ်ရေးဦးစီးချုပ် (ရေ) (Chief of Naval Staff)၊ ဒုဗိုလ်မှူးကြီး စောဒိုနီ က စစ်ထောက်ချုပ် (Quartermaster General) အစ ရှိသဖြင့် စစ်ရုံး ရာထူး အဆင့် အသီးသီး ရခဲ့တယ်။ တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် (၃) ခု၊ ချင်းတပ် (၃) ခု၊ ကချင်တပ် (၂) ခု၊ ဂေါရခါးတပ် (၁) ခု တို့ ရှိတယ်။ (ဗမာ့တပ်မတော် နောက်ခံသမိုင်း၊ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော် ရာထူး၊ ပုဂ္ဂိုလ်အမည် နဲ့ ဖွဲ့စည်းပုံ အချက်အလက် အသေးစိတ် ကို အညွှန်းပါ စတိုင်းဘတ်၊ အင်ဒရူးဆတ် နဲ့ မောင်အောင်မျိုး စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။)

ဗိုလ်ချုပ် စမစ်ဒွန်း ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရခြင်းကို လေ့လာသူ အများ သုံးသပ်လေ့ရှိတာ တခုက ဗြိတိသျှ ရဲ့ ကိုလိုနီနယ်တွေမှာ ကျင့်သုံးတဲ့ သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule အရ အင်္ဂလိပ် နဲ့ နီးစပ်တဲ့ ကရင် စစ်ဗိုလ်တွေကို ရာထူးကြီးပေးခြင်း ဆိုတဲ့ ကောက်ချက် ဖြစ်တယ်။ (အညွှန်းပါ မေရီ ကာလာဟန် စာအုပ် ရှု)
အဆိုပါ ကောက်ချက် အမြင် သုံးသပ်မှုကို စာရေးသူ အနေနဲ့ အပြည့်အဝ သဘော မတူပါ။ ဒီလို ခွဲခြားလိုခြင်း သဘောမျိုးတွေ ရှိတယ် ဆိုတာ မှန်ပေမယ့် စင်္ကာပူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ သဘော ဗိုလ်ချုပ်စမစ်ဒွန်း ဟာ စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာ၊ စစ်အတွေ့အကြုံ ရှိ ဝါရင့် စစ်သား စစ်စစ် (နိုင်ငံရေး နောက်ခံ မပါ) ဖြစ်ခြင်း က သူ စစ်သေနာပတိ ဖြစ်ခြင်း ရဲ့ အဓိက အကြောင်း ဖြစ်တယ်။

စမစ်ဒွန်း၊ စောကြာဒိုး အပါအဝင် အခြား ကရင်၊ ကချင်၊ ချင်း၊ အင်ဂလိုဘားမီးစ် လူနည်းစု စစ်ဗိုလ်ကြီး တွေ ရာထူးရခြင်းက Professional Soldiers တွေ ဖြစ်လို့သာ ဖြစ်တယ်။ ဒါကြောင့် ဆောင်းပါး အစ မှာ ဒေါ်အောင်ဆန်းစုကြည့် အပြော ကို လုံးလုံး မှားတယ် လို့ မဆိုခဲ့ဘဲ နောက်ခံ သမိုင်း အရ အပြည့်အဝ မမှန်ဘူးလို့သာ ဆိုခဲ့ခြင်း ဖြစ်တယ်။ တခုက ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သလို ဗိုလ်ချုပ်ရွေးခဲ့၊ လျာထားခဲ့ခြင်း ဖြစ်တယ် ဆိုတဲ့ သဘောမျိုးတော့ အပ်ချမတ်ချ ဆိုလိုမရပါ။ အထောက်အထားလည်း လေ့လာဖူးသလောက် မရှိပါ။ ဗိုလ်ချုပ် နဲ့ အခြား လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ ဆွေးနွေးဖူးတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် အဓိက ကတော့ ဗိုလ်ချုပ်ကျ အပြီး ပြောင်းလဲသွားရတဲ့ နိုင်ငံရေး ဖြစ်စဉ် အရ ပိုဆိုင်တယ်။
(စကားချပ် – ဒီလို လူနည်စု အုပ်စုဝင်ထဲ မှာ အတွေ့ကြုံရှိ၊ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ စစ်သား အများစု ရှိနေခဲ့ခြင်းကလည်း ကိုလိုနီခေတ် ဗြိတိသျှ-အိန္ဒိယ (နောင် ဗြိတိသျှ-ဘားမား (၁၉၃၇ က စ)) စစ်တပ်မှာ ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသား လူနည်းစု ဝင်တွေက မြန်မာ (ဗမာ) နဲ့ စာရင် ရာခိုင်နှုန်း ပို ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်တယ်။ ဂျပန်စစ်ပညာရခဲ့တဲ့ ဗမာ့ မျိုးချစ်တပ်မတော် အင်အားစု မှာလည်း လူငယ် အများစု သာဖြစ်သလို စစ်ပညာ သင်ရခြင်း က ဖုတ်ပူမီးတိုက် သဘောဆောင်တယ်။ သူတို့ဟာ ယေဘုယျ သဘောအရ Professional Soldiers ဆိုတာထက် နိုင်ငံရေး၊ အမျိုးသားရေး၊ မျိုးချစ်စစ် စတဲ့ ယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ရတဲ့ တော်လှန်ရေးသမား အနေအထားမျိုး ဖြစ်တယ်။)

၁၉၄၇ ဖွဲ့စည်းပုံ ဟာ လွတ်လပ်ပြီး ဗမာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုစုံ အာဏာခွဲဝေရေး၊ အခွင့်အရေး နဲ့ ပြဿနာ ကို အလုံးစုံ မဖြေရှင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ် ရဲ့ မျှော်မှန်းချက်၊ ဗိုလ်ချုပ် ရဲ့ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပေးခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အကျိုးဆက်က လွတ်လပ်ပြီး ဗမာနိုင်ငံဟာ ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အာဏာရ ဖ-ဆ-ပ-လ မှာ စစ်တပ် နဲ့ နီးစပ်တဲ့ ဗိုလ်နေဝင်း အနွယ် ဆိုရှယ်လစ် အုပ်စု က လွဲလို့ သခင်နု နဲ့ ဗိုလ်လက်ျာ လို ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ရဲ့ အမြာ်အမြင် “Unity in Diversity” ကို ဆက်လက် ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုဝင်တွေကို ဗမာပြည်မ နဲ့ တွဲနေချင်အောင် အခွင့်အရေးပေး၊ နေရာပေးမှ ရမယ် ဆိုတာကို သဘောပေါက်တယ်။ (နောက်ပိုင်း တကယ် အပြည့်အဝ မလုပ်နိုင်ခြင်းက တဏ္ဍာ)
ဒီလို သဘောကြောင့် နိုင်ငံရေး မှာ (တကယ့် အာဏာ မရှိတဲ့) သမ္မတ ရာထူး ကို တိုင်းရင်းသားတွေကို ပေးခြင်း မျိုး လုပ်ပြခဲ့သလို အာဏာချိန်ခွင်လျှာ ညှိတဲ့ အနေနဲ့ စစ်တပ်ရာထူး မှာလည်း ဆိုခဲ့သလို လူနည်းစု တိုင်းရင်းသားတွေကို ဦးဆောင်ခိုင်းခြင်း ဖြစ်တယ်လို့လည်း တနည်း သုံးသပ်နိုင်တယ်။

နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) မရှိချိန်၊ ဗိုလ်လက်ျာ (၁၉၁၁-၁၉၇၈) လည်း ဆိုခဲ့တဲ့ စစ်တပ်ရာထူး မယူနိုင်စရာ နိုင်ငံရေး လိုအပ်ချက်၊ အကြောင်းအချက်တွေ ဖြစ်လာချိန် တပ်မှာ ရဲဘော်သုံးကျိပ်ဝင် မျိုးချစ်ဘက်က လူကြီးပိုင်း ကျန်ခဲ့တာက ဗိုလ်နေဝင်း (၁၉၁၀-၂၀၀၂) နဲ့ ဗိုလ်ဇေယျ (၁၉၁၃-၁၉၆၈) နှစ်ဦးတည်းသာ ဖြစ်တယ်။ ဗိုလ်ကျော်ဇော (၁၉၁၈-၂၀၁၂) က စစ်ခေါင်းဆောင် အရည်အချင်း ပြည့်ပေမယ့် ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ တို့နဲ့ယှဉ်ရင် လူငယ်သာ ဖြစ်တယ်။ ကျန်ခဲ့တဲ့ လူကြီး နှစ်ယောက်မှာ ဗိုလ်ဇေယျ က ကွန်မြူနစ်ဘက် ယိမ်း သူ၊ ဗိုလ်နေဝင်း က ဆိုရှယ်လစ် အုပ်စု အပေါ် မှီတည်ပြီး မိမိ အာဏာ တည်ဆောက်နေသူ ဖြစ်တယ်။ (တကယ်က ဗိုလ်နေဝင်း မှာ နိုင်ငံရေးယုံကြည်ချက် မရှိပါ။ အာဏာ ယုံကြည်ချက်သာ ရှိတယ်။ လက်ဝဲ နိုင်ငံရေး အင်အားစု နဲ့ ပေါင်းပြီးလည်း အာဏာယူဖို့ ကြံစည်ခဲ့ပါတယ်။ (ဒီ သဘောကို ဒီဆောင်းပါး ဒုတိယပိုင်းမှာ ထည့် ဆွေးနွေးပါမယ်။)
လွတ်လပ်ရေး မရမီ နဲ့ ရပြီးစ အချိန် စစ်တပ် ပြင်ပ နိုင်ငံရေး နဲ့ ဖ-ဆ-ပ-လ မှာ အဓိက အာဏာလုရတဲ့ အုပ်စု နှစ်ခု ကလည်း ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် အုပ်စု နှစ်စု သာ ဖြစ်တယ်။ ဒီလို နိုင်ငံရေး နောက်ခံ အနေအထားကြောင့် သခင်နု နဲ့ ဗိုလ်လက်ျာ ဟာ စစ်တပ်ဦးဆောင်မှု ရာထူး ကို နိုင်ငံရေး အရောင် လုံးဝ မရှိသူ ဗိုလ်ချုပ်စမစ်ဒွန်း ကို ပေးခဲ့ခြင်းလို့လည်း နောက်တနည်း ဖြည့်စွက် သုံးသပ်နိုင်တယ်။

ဆိုတော့ ဗမာ့ လွတ်လပ်ရေး ခေတ်ဦး ဗိုလ်ချုပ်စမစ်ဒွန်း ရဲ့ စစ်ဦးစီးချုပ် ရာထူး သမိုင်းဖြစ်စဉ် နဲ့ လူနည်းစု အုပ်စုဝင် စစ်ဗိုလ်များ စစ်တပ်ရာထူးကြီးများ (ခဏတာ လို့ပဲ ဆိုဆို) ရခဲ့ခြင်း မှာ အင်္ဂလိပ် ဆန္ဒ၊ စနစ်တကျ လေ့ကျင်သင်ကြားထားတဲ့ Professional Soldiers ဖြစ်မှု နဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေး နောက်ခံ စတဲ့ အကြောင်း တွေကြောင့်လို့ ခြုံဆိုနိုင်တယ်။

မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ် ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၁ နှစ်ရှိမှာလည်းဖြစ်ပါတယ်။

၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် အမှား နည်းနည်းဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နိုဝင်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။

အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစုဝင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။

အုတ်ဂူကတော့ မတ်လ ၂၃ ရက်နေ့က စပြင်တာဖြစ်ပြီး ၂၉ ရက်နေ့ မနေ့က ပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ ပြုပြင်ပြီး မနက်ဖြန်မှာတော့ အောင့်မေ့သတိရပွဲလုပ်ဖို့လည်း ရှိပါတယ်။ အရပ် ၄ပေရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကို “ဗိုလ်မှူးကြီး လေးပေ”လို့လည်း လူသိများပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်း (ခေါ်) ဗိုလ်မှူးကြီးလေးပေ ဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။

သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။

ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေဖြစ် လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာဝန်က အနားယူခဲ့ရပါတယ်။

အင်းစိန်တိုက်ပွဲ မစမီတွင် မြန်မာ့တပ်မတော် စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်း ဖြစ်သည်။ အင်းစိန် တိုက်ပွဲ စ ဖြစ်လာ သောအခါ ၀န်ကြီးချုပ် ဦးနု က ဗိုလ်ချုပ် စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအား သိမ်းယူစေခဲ့သည်။

သူရာထူးကနေ ၃နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။

အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ်ကလောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သူမသေခင် တစ်နှစ်အလိုမှာ ရေးခဲ့တဲ့ ဗိုလ်မှူးကြီးလေးပေ၏ အမှတ်တရများလို့ အဓိပ္ပါယ်ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ့ သူ့အတ္ထုပတိစာအုပ်ကို ကွယ်လွန်ပြီးတစ်နှစ်အကြာ Southeast Asia program, Cornell University က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဦးတင်ဦး(ကျူရှင်) က မြန်မာဘာသာပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူသိများတဲ့ စာအုပ်တစ်ခုတော့မဖြစ်ခဲ့ပါဘူး။

သမိုင်းကို အထောက်အကူပြုနိုင်တဲ့ အဲ့ဒီစာအုပ်ကိုပဲ လာမယ့် မေလအတွင်းမှာ မြန်မာဘာသာနဲ့ ထပ်ပြီး ထုတ်ဝေနိုင်ဖို့ လုပ်နေတယ်လို့ သိရပါသေးတယ်။

နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။

အဘိုးဖြစ်သူနဲပ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က အခုလိုပဲ ပြောလိုက်ပါတော့တယ်။

“ သိတဲ့သူနည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းတာင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကြတော့လည်း ကရင်လူမျိုးလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ။ အမေ့ခံဖြစ်သွားတာပေါ့ ” ။

ဗိုလ်မှူးကြီး လေးပေ

၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး "ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ" ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။ အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။

လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ က္ဆွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။

ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။

စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ ပထမ ဦးဆုံး တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။

တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။

မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ 'Memoirs of the Four-foot Colonel' ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။

နံပါတ် (၂) အချက် ဗိုလ်ချုပ်စမစ်ဒွန်း စစ်တပ် ရာထူး က အနားယူခဲ့ရခြင်း (Forced to Retire) ဖြစ်စဉ် ကို ယေဘုယျ သမိုင်း အမြင်၊ မဆလ၊ နဝတ၊ နအဖ သမိုင်း ပုံဖော်မှု “ကရင် နဲ့ ပြည်တွင်းစစ် ဖြစ်ခြင်းကြောင့်” ဆိုတဲ့ သဘောဟာ မမှန်ကြောင်း (စာရေးသူ အမြင်) ကို ဆောင်းပါး ဒုတိယ ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြပါမယ်။

စာအုပ် အညွှန်း

“Memoirs of the Four-Foot Colonel” by Smith Dun, Ithica, NY: Cornell Southeast Asia Program, (1980).
“Burma’s Armed Forces: Power Without Glory” by Andrew Selth, Norwalk, CT : EastBridge, (2002).
“Making Enemies: War and State Building in Burma” by Mary P. Callahan, Ithaca, N.Y: Cornell University Press (2003).
“Historical Dictionary of Burma (Myanmar)” by Donald M. Seekins, vol. 59 of Asian/Oceanian historical dictionaries 59 (Illustrated ed.), Sacredcrow Press, (2006).
“Burma/Myanmar: What everyone needs to know” by David I. Steinberg, Oxford University Press, (2009).
“Building the Tatmadaw: Myanmar Armed Forces Since 1948” by Maung Aung Myoe, Institute of Southeast Asian Studies (2009).

ငြိမ်းချမ်းအေး ၊ မဇ္ဈိမ ၊ ဦးလှသောင်း

" နိုင်ငံရေးနဲ့ ထောက်ချောက်များ ၊ သတ်ကွင်းများ ၊ အကောက်ကြံမှုများ "


" နိုင်ငံရေးနဲ့ ထောက်ချောက်များ ၊ သတ်ကွင်းများ ၊ အကောက်ကြံမှုများ "
=========

အမေရိကားမှာ နေတော့ ကမ္ဘာ နိုင်ငံရေး ဇာတ်ခုံမှာ အမေရိကန် နိုင်ငံရေးသမားတွေ ( ဓနရှင် လူတန်းစား ကိုယ်စားလှယ်တွေ ) ဘယ်လို ကစား သလဲ ဆိုတာ ကိုယ် ဥာဏ်မှီသလောက် တွေ့ရတာတွေ ရှိပါတယ် ။

ရွေးကောက်ပွဲ အကြို ကတည်းက အခု သမတဖြစ်လာတဲ့ ထရန့်မ်က ပေါက်ဖေါ်နဲ့ မွတ်ဆလင် တိုင်းပြည်တွေကို မဲပြောပြီး လူတွေကို စည်းရုံးတယ် ။ ( အကြမ်းဖက်ဝါဒကလည်း တဖက်မှာ ရှိနေ ပြန်တယ် ။ ) ရုရှားကိုတော့ ဘာလိုလို ညာလိုလို သိပ်မပြောဘူး ။ ရူးချင်ယောင်ဆောင် ခဲ့တယ် ။

တကယ်က အမေရိကားမှာ ပေါက်ဖေါ်တွေ လုပ်တဲ့ ပစ္စည်းတွေက ကုန်တိုက်တွေမှာ သွားကြည့် အများစု တရုတ် ထုတ်တွေ အိုင်ဖုန်းက အစ တရုတ်ပြည်မှာ လုပ်တာ အမေရိကန် ကုမ္ပဏီ ထုတ် တရုတ် လုပ်ဆိုပါတော့ ထားတော့ ။

တဖက်ကလည်း ရုရှားနဲ့ အောက်လမ်းနည်းနဲ့ ရွေးကောက်ပွဲ ကာလကတည်းက အကောက်ကြံ ကစားခဲ့တယ်လို့ ( ထောက်လှမ်းရေး နည်းတွေ ဟက်ကာနည်းတွေ မျိုးစုံ သုံးခဲ့တယ်လို့ သိရတယ် ။ ရုရှားက ဟီလာရီကို ထရမ့်န်ထက် ပိုမုန်းတယ် ။ ) သတင်းတွေ လှိုင်လှိုင် ထွက်နေပြန်တယ် ။

ဘယ်လိုပင် ဖြစ်စေ နောက်ဆုံး မဲနိုင်ပြီး သမတ ဖြစ်လာတော့ သူ့ ထိပ်တန်း လုံးခြုံရေး ဆိုင်ရာ အကြံပေး အဖြစ် ခန့်အပ် လိုက်တဲ့ ဗိုလ်ချုပ်ဟောင်း မိုက်ဖလင့် ပူပူနွေးနွေး တလတောင် မပြည့်သေးဘူး နုတ်ထွက် သွားရပြန်တယ် ။ ( ရုရှားနဲ့ မဲဆွယ် ကာလက လျှို့ဝှက် ဆက်သွယ်ခဲ့လို့ ဆိုတယ် ။ ) အခု အိမ်ဖြူတော် အရာရှိ တစ်ယောက် ထပ်ထွက်သွားရပြန်ပြီ ။ ( ရွေးကောက်ပွဲ အကြို ကာလမှာ အိုဘားမားက သူ့ ဖုန်းတွေကို ခိုးနားထောင် ခဲ့ပါတယ်လို့ ထရန်မ်က စွပ်စွဲထားတာလည်း ရှိပြန်တယ် ။

ဒါပေမဲ့ ဘာ သဲလွန်စမှ မတွေ့ရဘူးလို့ ထောက်လှမ်းရေး ရပ်ကွက်က ပြောနေတယ် ။ ) ထရမ့်န် သားမက်တော် အဓိက အကြံပေး( မာစတာ ဘရိန်းလို့ ထင်ရ )တဲ့ ( Jared Kushner ) ဂျရပ် ကပ်ရှ်နာ ဆိုတဲ့ ငနဲလည်း ရုရှားနဲ့ ခွက်ပုန်း ရိုက်ခဲ့တဲ့ထဲ ပါနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြန်တယ် ။

သူ့ သမီးကတော့ ပစ္စည်းတွေ တရုတ်ပြည်ကနေ ကွန်တိန်နာပေါင်းများစွာ သွင်းလာတယ် ။ အခုအိမ်ဖြူတော်မှာ သမီးကို အရာရှိ ခန့်ပြန်တယ် ။ ဖလင့်က သူ့ကို လွတ်ငြိမ်းခွင့် ပေးရင် ရုရှားနဲ့ ဆက်နွယ်ခဲ့မှုတွေနဲ့ ပါတ်သက်ပြီး သက်သေ ထွက်ပါ့မယ် ပြောနေတယ် ။ ဘယ်လောက် တရားကျဖို့ ကောင်းသလဲ ။ ထိုးကျွေးတာတွေ ၊ အကွက်ရိုက်တာတွေ ၊ ကောက်ကျစ်တာတွေ ၊ ခွက်ပုန်းခုတ်တာတွေ စုံလို့ ။ ဒါတွေဟာ ဓနရှင် ဒီမိုကရေစီ စံနစ်အောက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အာဏာ နိုင်ငံရေး အကောက်ကြံမှုတွေ ပါပဲ ။

ဒီကနေ့ ထရမ့်န်က ပြောလာ ပြန်တယ် ။ Trump says ex-adviser Mike Flynn should ask for immunity, cites 'witch hunt'. လို့ ဆိုတယ် ။ " မိုက်ဖလင့်ဟာ လွတ်ငြိမ်းခွင့် အတွက် တောင်းဆို ရလိမ့်မယ် ။ တခြား မလိုလား အပ်တဲ့ သူတွေ ဖယ်ရှား သုတ်သင် နိုင်အောင် ပါတဲ့ " ။ တကယ်တော့ သူ့ သားမက် ထိသွားမှာကို ကြိုကာ ထားလိုက်ပြီး လုပ်ရပ်ပေါ်သွားတဲ့ သူကို ထိုးကျွေးလိုက်တဲ့ ကစားကွက် ပါပဲ ။

ဓနရှင် လစ်ဘရယ် နိုင်ငံရေး လောကဟာ မက်ခယ်ယာဘယ်လီ ပြောခဲ့တဲ့ အာဏာ အတွက် အရှက်တရားမဲ့စွာ ထိုးနှက် တိုက်ခိုက်ကြတာ နိုင်ငံရေးလို့ ဆိုတာနဲ့ ကွက်တိ ကျမနေဘူးလား ။ ပိုဆိုးတာက အမျိုးသားရေး ဝါဒီလို ပုံဖမ်းပြီး ဘီလျှံနာတွေက နိုင်ငံရေးမှာ ဗြောင်ဝင် ကစား လိုက်ကြတယ် ။ ( တစ်ချိန်ကြရင် ဗမာပြည်မှာတောင် အခု လူပြောများတဲ့ ခရိုနီဆိုသူတွေ မဲနိုင်မလား ပြောလို့ ရမလား ။ ငွေများ မဲနိုင် ဆိုတာ ဖြစ်တတ်တဲ့ သဘော သက်တမ်းရှည် အမေရိကန် ရွေးကောက်ပွဲမှာ ဥပမာတွေ ပြနေပြီ ။ ဗမာပြည်က မဲရှင်တွေ ဥာဏ်အလွန် ရှိနိုင်မှ တော်ကာ ကျပါလိမ့်မယ် ။ ( ( စကားချပ် ) )

အခု အမေရိကန်မှာ သမတ ဖြစ်လာတဲ့ အထိ ဖြစ်နေပြီ ။ ဒီတော့ ရွေးကောက်ပွဲနဲ့ မဲနိုင်ပြီး တက်လာတိုင်း နိုင်ငံနဲ့ လူထု အတွက် ရိုးရိုးသားသား လုပ်မယ့် သူ ပါလို့ ဓနရှင် ဒီမိုကရေစီ စံနစ်မှာ အာမ လုံးဝ မခံနိုင်ပါဘူး ဆိုတာ သက်တမ်းရှည် အမေရိကား ရွေးကောက်ပွဲတွေကို လေ့လာ ကြည့်ပြီး တွေ့လိုက်ရတယ် ။

တစ်ခု ကျန်သွားတာ ပြောချင်ပါတယ် ။ အိုဘားမား သမတ လက်ထက်တုန်းက လူမဲ သမတဟာ အမေရိကားမှာ မွေးတာ မဟုတ်ပါဘူး ဆိုပြီး အော်ကြီးဟစ်ကျယ် မီဒီယာတွေကနေ တစ်ဆင့် ဗြောင်တိုက်ခိုက်ခဲ့တာ အခု သမတ ဖြစ်လာတဲ့ ထရမ့်န် ပါပဲ ။ ဟိုက အသာ စောင့်ကြည့်ပြီး မွေးစာရင်း လက်မှတ် ထုတ်ပြ လိုက်မှ ငြိမ်ကျ သွားတာပါ ။

အဲ့ဒါ အမေရိကန် နိုင်ငံရေး လောကပဲ စိတ်ပျက်စရာ ကောင်းတယ် မလား ။ မဲပေးသူတွေရဲ့ စဉ်းစား တွေးခေါ်ခဲ့မှုတွေကို မေးခွန်း ထုတ်ချင်စရာ မကောင်းဘူးလား ။ မဲနိုင်တိုင်း ရိုးသားတဲ့ နိုင်ငံရေးသမားလို့ ပြောမရတာတော့ ကျိန်းသေတယ် ။

လူအများစု အတွက် စဉ်းစား ပြောဆိုနေတဲ့ ဘားနီဆန်ဒါးလို အမတ်မျိုးက သမတလောင်းတောင် မဖြစ်ခဲ့ဘူး ။ ဟီလာရီဆိုတာလည်း ပြောစရာတွေ တစ်ပုံကြီးနဲ့ ပညာတတ် ဓနရှင် ပွဲစား ပါပဲ ။ ထရမ့်န်တောင် နိုင်အောင် မပြိုင်နိုင်တာ သူမ အားနည်းချက်တွေ အများကြီး ပါ ။ ဒီတော့ ဝေါလမ်းက ဘီလျှံနာ သူဌေးတွေ ထိပ် တက်လာ ပြန်တာ ပေါ့ ။

မဲပေးလိုက်ကြတာ ရလဒ်က အမျိုးသားရေး ဝါဒီဆိုသူ ဓနရှင်တွေကို အားပေးသလို ဖြစ်မနေဘူးလား ။ စဉ်းစား ကြည့်နိုင် ကြဖို့ ပါ ။ ကြုံလို့ တစ်ခု ဖေါက်သည် ချချင်ပါတယ် ။ အရင်တုန်းက ကျောင်းသား တော်လှန်ရေးမှာ ပါခဲ့ ပါတယ် ဆိုတဲ့ ( ပြည်ပရောက် ) သူတွေထဲမှာတောင် မဘသ ထောက်ခံ နေတဲ့ သူတစ်ချို့ရှိနေတယ် ။ သူတို့ အဖြစ်က စစ်အာဏာရှင်တော့ မကြိုက်ဘူး ။ အမျိုး ၊ ဘာသာ ၊ သာသနာတော့ မထိလေနဲ့လို့ ဆိုနေတယ် ။ ( ဒီလို အပြောမျိုးတွေ စစ်အုပ်စု သိပ်ပြီး ဘဝင်ခိုက်တာ ပေါ့ ။ )

အဲ့ဒီ အမျိုး ၊ ဘာသာ ၊ သာသနာ ဆိုပြီး ဘယ်သူတွေက မီးမွှေး ပေးခဲ့တာလည်း ဆိုတာ သူတို့ အနေနဲ့ နိုင်ငံရေး မျက်လုံးကန်းနေလို့ မမြင်နိုင်ကြ ပြန်ဘူး ။ ဒီတော့ ရန်သူ ထောင်ချောက်ထဲ ကားကနဲ ကျသွား ကြပါလေရော လား ။ " ငှက်မသိတော့ ဇရက် ဂျိုးထင် အချက် ( ဂျက် ) မသိတော့ သားမက် သူခိုးထင် " ဆိုတာ အင်မတန် သတိထား သင့်ပါတယ် ။

" ဘာနီဆန်ဒါဟာ ( သူဟာ အရင်းရှင် နိုင်ငံမှာ ' ဆိုရှယ်လစ် အိမ်မက်, မက်နေတယ် ။ ဆိုရှယ်လစ် သဘောတရား ရှိတဲ့ သူ ) နောက်ဆုံး တစ်ယောက်ကို ဘဲ ပါတီက အင်ဒို့ လုပ်ရမယ့် အချိန်ရောက်တဲ့ အခါ သူ့ အိမ်မက်ကို ခါထုတ် လိုက်ပြီး ( မဲ မကွဲအောင် ( ပါတီ အတွက် ) သူ့ထက် အခွင့်အလမ်း ပိုရှိမယ် ထင်တယ် ။ ဟီလာရီ'ကို သူကိုယ်တိုင် ဘဲ အင်ဒို့ စလုပ် လိုက်ရတယ် ။

" အဲ့ဒီ ညဟာ သူရော သူ့ကို ထောက်ခံတဲ့ ( နိုင်ငံ တစ်ဝက်ကျော် ရှိတဲ့ ) သူတွေ မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ ရတဲ့ ည " ။ " ဒါဟာ ဒီမိုကရေစီ' ဘဲ "

( ဟီလာရီတုန်းကလည်း
ဒီ အတိုင်းဘဲ ။ ဒါပေမယ့် အိုဘားမား မဲက တော်တော် သာပါတယ် ။ )

" စကားမစပ် " ထရမ့် သားမက်လည်း ဆီးနိတ်မှာ testimony လုပ်ရတော့ မယ် ။ ( ပတ်သက်တဲ့ အကုန်လုံး လိုလိုပါဘဲ ) ကြိုကာတဲ့ အနေနဲ့ သူ့တို့ ကိုယ်တိုင် အဆို ပြုထား ကြတယ် ။
ရှေ့ အပတ် ပိုကြည့်ကောင်း မယ် ။

ထွန်းထွန်းဂင်ကြီး ၊ မောင်လွင်

Zawzaw Zaw