===========
ဗိုလ်ချုပ် စမစ်ဒွန်း ဘာကြောင့် လွတ်လပ်ပြီး ခေတ် ဗမာ့ တပ်မတော် ရဲ့ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ရသလဲ။ သူ့ ကို ဘာလို့ ခန့်ခဲ့သလဲ။
ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူ မှာ စစ်သား နဲ့ နိုင်ငံရေး ကင်းရှင်းအပ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ရပ် စစ်ဝတ်စုံ ချွတ်ပြီးမှ နိုင်ငံရေး လုပ်ခဲ့ပုံ နဲ့ ဥပမာ ပြုရင်း ပြောရာမှာ ဗိုလ်ချုပ် က အဲဒီလို နိုင်ငံရေးလုပ်ဖို့ တပ်မတော် ရာထူး စွန့်အပြီးမှာ စစ်တပ် ကိုတော့ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ Professional Soldier ဗိုလ်ချုပ် စမစ်ဒွန်း ကို ဦးစီးဖို့ လျာထားခဲ့တယ်လို့ ထည့်ဆိုသွားတယ်။ ဗိုလ်ချုပ် ရဲ့ စစ်သား နဲ့ နိုင်ငံရေး အလုပ် ခံယူချက် ကို သူ့ လုပ်ရပ် အရ အငြင်းပွားစရာ မရှိ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း ကို စစ်ဦးစီးချုပ် လုပ်ဖို့ ဗိုလ်ချုပ် လျာထားခဲ့တယ် ဆိုတာကတော့ တကယ့် သမိုင်း နောက်ခံ အရ “အပြည့်အဝ” မမှန်ဘူး။
ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီ စာချုပ် အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး တို့လို အင်္ဂလိပ်သင်တန်းဆင်း (British trained) ဗြိတိသျှဘားမား တပ် က လာသူတွေနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း တို့လို ဂျပန်သင်တန်းဆင်း (Japan trained) မျိုးချစ် ဗမာ့တပ်မတော် ဘက်က လာသူတွေ ဆိုပြီး အုပ်စု နှစ်ခု ပါဝင်ခဲ့တယ်။ မျိုးချစ်ဘက် ဘီအိုင်အေ၊ ဘီဒီအေ ဆက်ထဲက ဗမာ့တပ်မတော် အတွက် ရွေးချယ်ခံရတဲ့ အရာရှိ အားလုံး (ရဲဘော်သုံးကျိပ်ဝင် ပါ မကျန်) အင်္ဂလိပ် စစ်သင်တန်း ပြန်တက်ရတယ်။ ပြီးတော့မှ အင်္ဂလိပ် အရာရှိတွေ လက်အောက်မှာ ဗမာ့တပ်မတော် ရဲ့ အရာရှိငယ်တွေ အဖြစ် တာဝန်ထမ်းဆောင်ရတယ်။ ဗမာ အရာရှိတွေ စစ်ပညာ၊ အုပ်ချုပ်ရေး ပညာ နဲ့ အတွေ့အကြုံ ရလာချိန် နောင်မှာ တဖြည်းဖြည်းနဲ့ အင်္ဂလိပ် အရာရှိတွေ က အကြံပေး အနေနဲ့သာ ရပ်တည်၊ နောက်ဆုံး လုံးဝ နေရာဖယ်ပေး၊ ဒီလို သဘော နဲ့ စခဲ့တယ်။
ဒီလို သဘောမှာ လွတ်လပ်ရေး မရခင်၊ ဗိုလ်ချုပ်လည်း မကျ ခင် ဗိုလ်ချုပ် စစ်တပ် ရာထူး စွန့်ချိန် မှာ သူ့ ရဲ့ စစ်တပ် အရိုက်အရာ ခေါင်းဆောင်မှု ကို လွှဲပေးခဲ့သူက ဗိုလ်လက်ျာ သာ ဖြစ်တယ်။ ဒီအချက် ကို ဘယ်သမိုင်းမှတ်တမ်းမှာ ကြည့်ကြည့်၊ သမိုင်းမှာ ပါဝင်ခဲ့သူ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ် နိုင်ငံရေး အစုအဖွဲ့ အမျိုးမျိုး နဲ့ စစ်တပ် က ဘယ်လိုပုဂ္ဂိုလ်မျိုး ကို ကိုးကား ကိုးကား သိနိုင်တယ်။ ဗိုလ်လက်ျာ ဟာ ဗိုလ်ချုပ်ပြီးရင် ဒုတိယ စစ်ခေါင်းဆောင် ဆိုတဲ့ သဘောဟာ ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ ခေတ်ကတည်းက သမိုင်းဖြစ်ရပ်တွေအရ ထင်ရှားတယ်။
ဂျပန်တော်လှန်ရေး အပြီး ဗမာ့မျိုးချစ်တပ်မတော် ရဲ့ ရာထူးအဆင့် မှာ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-စစ်သေနာပတိ ဗိုလ်မှူးကြီး လက်ျာ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျ တို့ ရှိတယ်။ (ဗိုလ်နေဝင်း က နောက်ခံ နိုင်ငံရေးသမိုင်း အပြင် ပုဂ္ဂလိက ဘဝ ဖြစ်ရပ်တွေ ကြောင့် စစ်တပ်ရာထူးမှာ ဗိုလ်ဇေယျ အောက် ရောက်လိုက်၊ အထက်ရောက်လိုက် အမျိုးမျိုး ဖြစ်နေခဲ့တယ်။ ကာလအပိုင်းအခြား အလိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူ့ အပေါ် ကိုင်တွယ်ပုံ အလိုက် ရာထူး အတက်အကျ ပြောင်းလဲ နေခဲ့တယ်။)
ဒီ အနေအထား နဲ့ ကန္ဒီ စာချုပ် (၁၉၄၅-စက်တင်ဘာ-၇) ချုပ်တယ်။ စာချုပ်အရ ဆိုခဲ့သလို ဗမာ့တပ်မတော် ပြန်ဖွဲ့တယ်။
ဗြိတိသျှဘားမား တပ်ဘက်က လာတဲ့ ဗိုလ်ချုပ် စမစ်ဒွန်း က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) ဖြစ်လာတယ်။ ဗိုလ်မှူးချုပ် စောကြာဒိုး က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်လာတယ်။ ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff)၊ ရေကြောင်းတပ်မှူး ခင်မောင်ဘို (မေယု စစ်သင်္ဘော အင်္ဂလိပ်ဆီက ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူတော့ ဗိုလ်ချုပ် အမိန့်ပြန်တမ်း အရ မေယု စစ်သင်္ဘော ရဲ့ ပထဦးဆုံး ဗမာ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သူ) က ကာကွယ်ရေးဦးစီးချုပ် (ရေ) (Chief of Naval Staff)၊ ဒုဗိုလ်မှူးကြီး စောဒိုနီ က စစ်ထောက်ချုပ် (Quartermaster General) အစ ရှိသဖြင့် စစ်ရုံး ရာထူး အဆင့် အသီးသီး ရခဲ့တယ်။ တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် (၃) ခု၊ ချင်းတပ် (၃) ခု၊ ကချင်တပ် (၂) ခု၊ ဂေါရခါးတပ် (၁) ခု တို့ ရှိတယ်။ (ဗမာ့တပ်မတော် နောက်ခံသမိုင်း၊ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော် ရာထူး၊ ပုဂ္ဂိုလ်အမည် နဲ့ ဖွဲ့စည်းပုံ အချက်အလက် အသေးစိတ် ကို အညွှန်းပါ စတိုင်းဘတ်၊ အင်ဒရူးဆတ် နဲ့ မောင်အောင်မျိုး စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။)
ဗိုလ်ချုပ် စမစ်ဒွန်း ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရခြင်းကို လေ့လာသူ အများ သုံးသပ်လေ့ရှိတာ တခုက ဗြိတိသျှ ရဲ့ ကိုလိုနီနယ်တွေမှာ ကျင့်သုံးတဲ့ သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule အရ အင်္ဂလိပ် နဲ့ နီးစပ်တဲ့ ကရင် စစ်ဗိုလ်တွေကို ရာထူးကြီးပေးခြင်း ဆိုတဲ့ ကောက်ချက် ဖြစ်တယ်။ (အညွှန်းပါ မေရီ ကာလာဟန် စာအုပ် ရှု)
အဆိုပါ ကောက်ချက် အမြင် သုံးသပ်မှုကို စာရေးသူ အနေနဲ့ အပြည့်အဝ သဘော မတူပါ။ ဒီလို ခွဲခြားလိုခြင်း သဘောမျိုးတွေ ရှိတယ် ဆိုတာ မှန်ပေမယ့် စင်္ကာပူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့တဲ့ သဘော ဗိုလ်ချုပ်စမစ်ဒွန်း ဟာ စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာ၊ စစ်အတွေ့အကြုံ ရှိ ဝါရင့် စစ်သား စစ်စစ် (နိုင်ငံရေး နောက်ခံ မပါ) ဖြစ်ခြင်း က သူ စစ်သေနာပတိ ဖြစ်ခြင်း ရဲ့ အဓိက အကြောင်း ဖြစ်တယ်။
စမစ်ဒွန်း၊ စောကြာဒိုး အပါအဝင် အခြား ကရင်၊ ကချင်၊ ချင်း၊ အင်ဂလိုဘားမီးစ် လူနည်းစု စစ်ဗိုလ်ကြီး တွေ ရာထူးရခြင်းက Professional Soldiers တွေ ဖြစ်လို့သာ ဖြစ်တယ်။ ဒါကြောင့် ဆောင်းပါး အစ မှာ ဒေါ်အောင်ဆန်းစုကြည့် အပြော ကို လုံးလုံး မှားတယ် လို့ မဆိုခဲ့ဘဲ နောက်ခံ သမိုင်း အရ အပြည့်အဝ မမှန်ဘူးလို့သာ ဆိုခဲ့ခြင်း ဖြစ်တယ်။ တခုက ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့သလို ဗိုလ်ချုပ်ရွေးခဲ့၊ လျာထားခဲ့ခြင်း ဖြစ်တယ် ဆိုတဲ့ သဘောမျိုးတော့ အပ်ချမတ်ချ ဆိုလိုမရပါ။ အထောက်အထားလည်း လေ့လာဖူးသလောက် မရှိပါ။ ဗိုလ်ချုပ် နဲ့ အခြား လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ ဆွေးနွေးဖူးတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် အဓိက ကတော့ ဗိုလ်ချုပ်ကျ အပြီး ပြောင်းလဲသွားရတဲ့ နိုင်ငံရေး ဖြစ်စဉ် အရ ပိုဆိုင်တယ်။
(စကားချပ် – ဒီလို လူနည်စု အုပ်စုဝင်ထဲ မှာ အတွေ့ကြုံရှိ၊ စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ စစ်သား အများစု ရှိနေခဲ့ခြင်းကလည်း ကိုလိုနီခေတ် ဗြိတိသျှ-အိန္ဒိယ (နောင် ဗြိတိသျှ-ဘားမား (၁၉၃၇ က စ)) စစ်တပ်မှာ ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသား လူနည်းစု ဝင်တွေက မြန်မာ (ဗမာ) နဲ့ စာရင် ရာခိုင်နှုန်း ပို ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်တယ်။ ဂျပန်စစ်ပညာရခဲ့တဲ့ ဗမာ့ မျိုးချစ်တပ်မတော် အင်အားစု မှာလည်း လူငယ် အများစု သာဖြစ်သလို စစ်ပညာ သင်ရခြင်း က ဖုတ်ပူမီးတိုက် သဘောဆောင်တယ်။ သူတို့ဟာ ယေဘုယျ သဘောအရ Professional Soldiers ဆိုတာထက် နိုင်ငံရေး၊ အမျိုးသားရေး၊ မျိုးချစ်စစ် စတဲ့ ယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ရတဲ့ တော်လှန်ရေးသမား အနေအထားမျိုး ဖြစ်တယ်။)
၁၉၄၇ ဖွဲ့စည်းပုံ ဟာ လွတ်လပ်ပြီး ဗမာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုစုံ အာဏာခွဲဝေရေး၊ အခွင့်အရေး နဲ့ ပြဿနာ ကို အလုံးစုံ မဖြေရှင်းနိုင်ခဲ့ဘူး။ ဗိုလ်ချုပ် ရဲ့ မျှော်မှန်းချက်၊ ဗိုလ်ချုပ် ရဲ့ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပေးခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အကျိုးဆက်က လွတ်လပ်ပြီး ဗမာနိုင်ငံဟာ ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အာဏာရ ဖ-ဆ-ပ-လ မှာ စစ်တပ် နဲ့ နီးစပ်တဲ့ ဗိုလ်နေဝင်း အနွယ် ဆိုရှယ်လစ် အုပ်စု က လွဲလို့ သခင်နု နဲ့ ဗိုလ်လက်ျာ လို ခေါင်းဆောင်ပိုင်းက ဗိုလ်ချုပ်ရဲ့ အမြာ်အမြင် “Unity in Diversity” ကို ဆက်လက် ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုဝင်တွေကို ဗမာပြည်မ နဲ့ တွဲနေချင်အောင် အခွင့်အရေးပေး၊ နေရာပေးမှ ရမယ် ဆိုတာကို သဘောပေါက်တယ်။ (နောက်ပိုင်း တကယ် အပြည့်အဝ မလုပ်နိုင်ခြင်းက တဏ္ဍာ)
ဒီလို သဘောကြောင့် နိုင်ငံရေး မှာ (တကယ့် အာဏာ မရှိတဲ့) သမ္မတ ရာထူး ကို တိုင်းရင်းသားတွေကို ပေးခြင်း မျိုး လုပ်ပြခဲ့သလို အာဏာချိန်ခွင်လျှာ ညှိတဲ့ အနေနဲ့ စစ်တပ်ရာထူး မှာလည်း ဆိုခဲ့သလို လူနည်းစု တိုင်းရင်းသားတွေကို ဦးဆောင်ခိုင်းခြင်း ဖြစ်တယ်လို့လည်း တနည်း သုံးသပ်နိုင်တယ်။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) မရှိချိန်၊ ဗိုလ်လက်ျာ (၁၉၁၁-၁၉၇၈) လည်း ဆိုခဲ့တဲ့ စစ်တပ်ရာထူး မယူနိုင်စရာ နိုင်ငံရေး လိုအပ်ချက်၊ အကြောင်းအချက်တွေ ဖြစ်လာချိန် တပ်မှာ ရဲဘော်သုံးကျိပ်ဝင် မျိုးချစ်ဘက်က လူကြီးပိုင်း ကျန်ခဲ့တာက ဗိုလ်နေဝင်း (၁၉၁၀-၂၀၀၂) နဲ့ ဗိုလ်ဇေယျ (၁၉၁၃-၁၉၆၈) နှစ်ဦးတည်းသာ ဖြစ်တယ်။ ဗိုလ်ကျော်ဇော (၁၉၁၈-၂၀၁၂) က စစ်ခေါင်းဆောင် အရည်အချင်း ပြည့်ပေမယ့် ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ တို့နဲ့ယှဉ်ရင် လူငယ်သာ ဖြစ်တယ်။ ကျန်ခဲ့တဲ့ လူကြီး နှစ်ယောက်မှာ ဗိုလ်ဇေယျ က ကွန်မြူနစ်ဘက် ယိမ်း သူ၊ ဗိုလ်နေဝင်း က ဆိုရှယ်လစ် အုပ်စု အပေါ် မှီတည်ပြီး မိမိ အာဏာ တည်ဆောက်နေသူ ဖြစ်တယ်။ (တကယ်က ဗိုလ်နေဝင်း မှာ နိုင်ငံရေးယုံကြည်ချက် မရှိပါ။ အာဏာ ယုံကြည်ချက်သာ ရှိတယ်။ လက်ဝဲ နိုင်ငံရေး အင်အားစု နဲ့ ပေါင်းပြီးလည်း အာဏာယူဖို့ ကြံစည်ခဲ့ပါတယ်။ (ဒီ သဘောကို ဒီဆောင်းပါး ဒုတိယပိုင်းမှာ ထည့် ဆွေးနွေးပါမယ်။)
လွတ်လပ်ရေး မရမီ နဲ့ ရပြီးစ အချိန် စစ်တပ် ပြင်ပ နိုင်ငံရေး နဲ့ ဖ-ဆ-ပ-လ မှာ အဓိက အာဏာလုရတဲ့ အုပ်စု နှစ်ခု ကလည်း ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် အုပ်စု နှစ်စု သာ ဖြစ်တယ်။ ဒီလို နိုင်ငံရေး နောက်ခံ အနေအထားကြောင့် သခင်နု နဲ့ ဗိုလ်လက်ျာ ဟာ စစ်တပ်ဦးဆောင်မှု ရာထူး ကို နိုင်ငံရေး အရောင် လုံးဝ မရှိသူ ဗိုလ်ချုပ်စမစ်ဒွန်း ကို ပေးခဲ့ခြင်းလို့လည်း နောက်တနည်း ဖြည့်စွက် သုံးသပ်နိုင်တယ်။
ဆိုတော့ ဗမာ့ လွတ်လပ်ရေး ခေတ်ဦး ဗိုလ်ချုပ်စမစ်ဒွန်း ရဲ့ စစ်ဦးစီးချုပ် ရာထူး သမိုင်းဖြစ်စဉ် နဲ့ လူနည်းစု အုပ်စုဝင် စစ်ဗိုလ်များ စစ်တပ်ရာထူးကြီးများ (ခဏတာ လို့ပဲ ဆိုဆို) ရခဲ့ခြင်း မှာ အင်္ဂလိပ် ဆန္ဒ၊ စနစ်တကျ လေ့ကျင်သင်ကြားထားတဲ့ Professional Soldiers ဖြစ်မှု နဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေး နောက်ခံ စတဲ့ အကြောင်း တွေကြောင့်လို့ ခြုံဆိုနိုင်တယ်။
မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ် ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၁ နှစ်ရှိမှာလည်းဖြစ်ပါတယ်။
၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် အမှား နည်းနည်းဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နိုဝင်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။
အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစုဝင်တွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။
အုတ်ဂူကတော့ မတ်လ ၂၃ ရက်နေ့က စပြင်တာဖြစ်ပြီး ၂၉ ရက်နေ့ မနေ့က ပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ ပြုပြင်ပြီး မနက်ဖြန်မှာတော့ အောင့်မေ့သတိရပွဲလုပ်ဖို့လည်း ရှိပါတယ်။ အရပ် ၄ပေရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကို “ဗိုလ်မှူးကြီး လေးပေ”လို့လည်း လူသိများပါတယ်။
ဗိုလ်ချုပ်စမစ်ဒွန်း (ခေါ်) ဗိုလ်မှူးကြီးလေးပေ ဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။
သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။
ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေဖြစ် လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာဝန်က အနားယူခဲ့ရပါတယ်။
အင်းစိန်တိုက်ပွဲ မစမီတွင် မြန်မာ့တပ်မတော် စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်း ဖြစ်သည်။ အင်းစိန် တိုက်ပွဲ စ ဖြစ်လာ သောအခါ ၀န်ကြီးချုပ် ဦးနု က ဗိုလ်ချုပ် စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအား သိမ်းယူစေခဲ့သည်။
သူရာထူးကနေ ၃နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။
အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ်ကလောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူမသေခင် တစ်နှစ်အလိုမှာ ရေးခဲ့တဲ့ ဗိုလ်မှူးကြီးလေးပေ၏ အမှတ်တရများလို့ အဓိပ္ပါယ်ရတဲ့ “Memoirs of the Four-foot Colonel” ဆိုတဲ့ သူ့အတ္ထုပတိစာအုပ်ကို ကွယ်လွန်ပြီးတစ်နှစ်အကြာ Southeast Asia program, Cornell University က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဦးတင်ဦး(ကျူရှင်) က မြန်မာဘာသာပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူသိများတဲ့ စာအုပ်တစ်ခုတော့မဖြစ်ခဲ့ပါဘူး။
သမိုင်းကို အထောက်အကူပြုနိုင်တဲ့ အဲ့ဒီစာအုပ်ကိုပဲ လာမယ့် မေလအတွင်းမှာ မြန်မာဘာသာနဲ့ ထပ်ပြီး ထုတ်ဝေနိုင်ဖို့ လုပ်နေတယ်လို့ သိရပါသေးတယ်။
နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။
အဘိုးဖြစ်သူနဲပ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က အခုလိုပဲ ပြောလိုက်ပါတော့တယ်။
“ သိတဲ့သူနည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းတာင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကြတော့လည်း ကရင်လူမျိုးလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ။ အမေ့ခံဖြစ်သွားတာပေါ့ ” ။
ဗိုလ်မှူးကြီး လေးပေ
၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး "ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ" ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။ အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။
လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ က္ဆွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။
ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။
အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။
စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ ပထမ ဦးဆုံး တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။
တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။
မြန်မာ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ 'Memoirs of the Four-foot Colonel' ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။
နံပါတ် (၂) အချက် ဗိုလ်ချုပ်စမစ်ဒွန်း စစ်တပ် ရာထူး က အနားယူခဲ့ရခြင်း (Forced to Retire) ဖြစ်စဉ် ကို ယေဘုယျ သမိုင်း အမြင်၊ မဆလ၊ နဝတ၊ နအဖ သမိုင်း ပုံဖော်မှု “ကရင် နဲ့ ပြည်တွင်းစစ် ဖြစ်ခြင်းကြောင့်” ဆိုတဲ့ သဘောဟာ မမှန်ကြောင်း (စာရေးသူ အမြင်) ကို ဆောင်းပါး ဒုတိယ ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြပါမယ်။
စာအုပ် အညွှန်း
“Memoirs of the Four-Foot Colonel” by Smith Dun, Ithica, NY: Cornell Southeast Asia Program, (1980).
“Burma’s Armed Forces: Power Without Glory” by Andrew Selth, Norwalk, CT : EastBridge, (2002).
“Making Enemies: War and State Building in Burma” by Mary P. Callahan, Ithaca, N.Y: Cornell University Press (2003).
“Historical Dictionary of Burma (Myanmar)” by Donald M. Seekins, vol. 59 of Asian/Oceanian historical dictionaries 59 (Illustrated ed.), Sacredcrow Press, (2006).
“Burma/Myanmar: What everyone needs to know” by David I. Steinberg, Oxford University Press, (2009).
“Building the Tatmadaw: Myanmar Armed Forces Since 1948” by Maung Aung Myoe, Institute of Southeast Asian Studies (2009).
ငြိမ်းချမ်းအေး ၊ မဇ္ဈိမ ၊ ဦးလှသောင်း
No comments:
Post a Comment