U.S စစ်တပ်ရဲ့ MOAB ဗုံးနှင့် မြောက်ကိုရီးယားကို ဗဟိုပြုနေတဲ့ စစ်ရေး အခြေအနေ
×××××××
မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာနေတုန်းမှာပဲ ကြာသပတေးနေ့မှာ အမေရိကန်လေတပ်က အာဖဂန်နစ္စတန်အရှေ့ခြမ်းရှိ ISIS မူဆလင်အစွန်းရောက်တွေရဲ့ ဗုံးခိုကျင်းတွေ၊ ဥမင်လိုင်ခေါင်းတွေကို အလေးချိန်ပေါင် 21,600 တန်ချိန်ရှိတဲ့ ဗုံးကိုကျဲချလိုက်ပါတယ်။ ဒီဗုံးဟာ အမေရိကန်စစ်တပ်ရဲ့ နူကလီးယားမဟုတ်တဲ့ သာမန်ဗုံးတွေထဲမှာ အကြီးမားဆုံးဖြစ်ကာ၊ A GBU-43/B Massive Ordnance Air Blast Bomb (MOAB) လို့ အမည်ရပြီး၊ သူ့ရဲ့အခြားအမည်ကတော့ "mother of all bombs” ဗုံးအပေါင်းတို့ရဲ့မိခင်ကြီးပါတဲ့။ ဒီဗုံးကို အမေရိကန်စစ်တပ်အနေနဲ့ အရင်ကတခါမှ စစ်မြေပြင်မှာ မသုံးခဲ့ဖူးဘူးလို့ဆိုပါတယ်။
ဧပြီ ၇ ရက်နေ့ကလဲ အမေရိကန်စစ်တပ်ဟာ ဆီရီးယားကို တိုမာဟော့ဒုံး 59 လုံးပစ်ခဲ့ပါသေးတယ်။ ဆီးရီးယားအာဏာရှင် အာဆတ်က သူပုန်တွေထိမ်းချုပ်ထားတဲ့မြို့ကို ဧပြီ ၄ ရက်နေ့မှာ ကမ်မီကယ် လက်နက်တွေနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား ၈၀ သေဆုံးခဲ့ရတယ်ဆိုပြီး တိုမာဟော့ ဒုံးတွေနဲ့ပစ်ခတ်ခဲ့ တာပါ။ တိုမာဟော့ဗုံးတလုံးရဲ့ အလေးချိန်ကတော့ တလုံးကို ပေါင် 1000 ပါ။ MOAB လို စစ်မြေပြင်မှာ တခါမှမသုံးဖူးသေးတဲ့ ပြင်းထန်လွန်းတဲ့ဗုံးမျိုးကို အာဖဂန်နစ္စတန်နိုင်ငံ တောင်တွေထူထပ်တဲ့ဒေသက ISIS စခမ်းတွေအပေါ်ကျဲခဲ့ခြင်းဟာ လိုတာထက်ပိုပြီး အင်အားပြတာ၊ IS ကိုတင်မဟုတ်ပဲ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီရီးယားကိုပါ သတိပေးချင်လို့ ခုလိုမျိုးလုပ်တာ ဖြစ်မှာပါလို့ စစ်ရေး အကဲခတ်တွေကတော့ သုံးသပ်ပါတယ်။
ဇန်န၀ါရီ ၂၀ ရက်နေ့ ဒေါ်နယ်ထရင့် သမ္မတဖြစ်လာပြီးနောက်… ဇန်န၀ါရီ ၂၉ ရက်နေ့မှာ အယ်ကိုင်းဒါးတွေခိုအောင်းနေတယ်လို့ယူဆရတဲ့ ယီမင်ရှိ နယ်မြေတခုကို အမေရိကန်အထူးတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်းခဲ့ပါတယ်။ ဒုတိယအနေနဲ့ ဧပြီ ၇ ရက်နေ့ ဆီးရီးယားကိုတိုက်ခိုက်မှုဖြစ်ပြီး၊ တတိယအနေနဲ့ ဧပြီ ၁၃ အာဖဂန်နစ္စတန်က ISIS စခမ်းတွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါနိုင်ငံတွေဟာ နူကလီးယားပိုင်ဆိုင်ခြင်းမရှိတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ ပြဿနာကတော့ မြောက်ကိုရီးယားနဲ့သာ ပစ်ကြခတ်ကြရင်… မြောက်ကိုရီးယားမှာလည်း နူကလီးယားဗုံးဆယ်လုံး ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။
အမေရိကန်က မြောက်ကိုရီးယားကို စတိုက်ခဲ့မယ်ဆိုရင်တော့ လျှပ်တပျက်အတွင်း မြောက်ကိုရီး ယားရဲ့ အနုမြူလက်နက်တွေကို တာဝေးပစ်ဒုံးတွေနဲ့ ဦးစွာဖျက်ဆီးပြီးမှ၊ ခေါင်းဆောင် ကင်ဂျုံအမ်းကို လက်ရဖမ်းဆီးဖို့ အဓိက ပစ်မှတ်ထားမယ်လို့လည်း ခန့်မှန်းကြတာတွေ့ရပါတယ်။ အိုစမာဘင်လာဒင် ကို ပါကစ္စတန်နိုင်ငံထဲမှာ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ဟာလည်း တောင်ကိုရီးယားနဲ့ ပူးတွဲလေ့ကျင့်ရေးမှာ ရောက်နေပါတယ်။ အိုစမာဘင်လာဒင်ကိုဖမ်းသလို ကင်ဂျုံအမ်းကိုဖမ်းမလားဆိုတဲ့ မေးခွန်းလည်းရှိပါတယ်။ ဒါကတော့ ဖြစ်နိုင်ချေနဲပါတယ်။
မြောက်ကိုရီးယားနဲ့-အမေရိကန် တကယ်သာစစ်ဖြစ်ခဲ့ရင် ရေရှည်စစ်တော့ မဖြစ်နိုင်ဘူး၊ ခဏအတွင်း မြောက်ကိုရီးယားစစ်တပ် ဖျက်စီးခံရမှာဖြစ်တယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ထားတာ တွေ့ရပါတယ်။ လက်ရှိအခြေအနေအရ မြောက်ကိုရီးယားရဲ့ ကာလရှည်မဟာမိတ်လည်းဖြစ် အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ တရုတ်က ကြားနေမဲ့သဘောရှိနေပြီး၊ ဗုဓ္ဓဟူးနေ့က တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတ ဖုန်းနဲ့ပြောကြရာမှာ စစ်ရေးအရမဖြေရှင်းပဲ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တရုတ်ဖက်က တောင်းဆိုထားပါတယ်။ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခြားဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြီး မြောက်ကိုရီးယားပြသနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်ပါတယ်လို့ ပြောဆိုထားပြန်ပါတယ်။ (ပြဿနာက တရုတ်နဲ့ ရုရှကသာ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းပါ ဖြေရှင်းနိုင်ပါတယ်လို့အမြဲပြောနေပေမဲ့ မြောက်ကိုရီးယားက ယူအန်က တားနေတဲ့ကြားက နူစမ်းသပ်မှုတွေလုပ်နေတာ ငါးကြိမ်ရှိပြီ)။
ရုရှက မြောက်ကိုရီးယားဘက်က ၀င်ကူမလားဆိုတာကတော့ ခန့်မှန်းလို့မရပါဘူး။ ဆီရီးယားကို အမေရိကန်က တိုမာဟော့ဒုံးတွေနဲ့ပစ်ခဲ့တာကိုတော့ ရုရှက သူ့မဟာမိတ်ဖြစ်တဲ့ ဆီရီးယားအာဏာရှင် အာဆတ်ဘက်က ရပ်တည်ခဲ့ပြီး၊ နောက်တကြိမ် အမေရိကန်က ဆီးရီးယားကို ထပ်လုပ်ခဲ့မယ်ဆိုရင် ရုရှနဲ့ အီရန်က အင်အားသုံးတုန့်ပြန်မယ်လို့ ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း နူကလီးယား လက်နက်တွေသယ်နိုင်တဲ့ ရုရှတိုက်လေယာဉ်နှစ်စီးနဲ့ ကင်းထောက်လေယာဉ်တစ်စီးဟာ ဂျပန်ကျွန်းဆွယ်အနီးမှာ ပျံသန်းနေတာကို အမေရိကန် ရေတပ်က တွေ့ခဲ့ပါတယ်။
ခုဖြစ်နေတဲ့ အမေရိကန်-တရုတ်-ရုရှ-မြောက်ကိုရီးယား အားလုံးမှာ နူကလီးယား လက်နက်တွေရှိနေတာဆိုတော့… တရုတ်ကတော့ ကြားနေမဲ့အခြေအနေရှိပေမဲ့၊ တကယ်လို့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ ပစ်ကြခတ်ကြရင် ရုရှကသာ မြောက်ကိုရီးယားဘက်က 1950-1953 ပင်လယ်ကွေ့စစ်ပွဲတုန်းကလို ၀င်တိုက်ပေးခဲ့ရင်… အခြေအနေက အဆိုးဆုံးကို ရောက်သွားမှာပါ။ မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်းစပ်နေတဲ့ တရုတ်ကလည်း ရေရှည်မှာတော့ ကြားနေနိုင်မဲ့ အခြေအနေမတွေ့ရပါဘူး။ မြောက်ကိုရီးယား-ရုရှ-အီရန် ၀င်ရိုးစွန်းဘက်ရပ်မလား၊ အမေရိကန်-နေတိုး-ဂျပန်-တောင်ကိုရီးယား အုပ်စုဘက်ရပ်မလားဆိုတာမရှင်းလင်းသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရုရှဝင်ပါလာရင် ဒုတိယကမ္ဘာစစ်ထက်ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာပါ။
ဒါကြောင့် အမေရိကန်ကပဲဖြစ်ဖြစ်၊ မြောက်ကိုရီးယားကပဲဖြစ်ဖြစ် ဘယ်သူမှ စမပစ်ဖို့ လိုပါတယ်။ ဘယ်သူစပစ်ပစ် ပွဲဖြစ်ပြီလို့ သတ်မှတ်ရမှာပါ။ ပြဿနာက မြောက်ကိုရီးယားပါ။ တားမြစ်နေတဲ့ကြားက နူဗုံးတွေစမ်းသပ်ဖောက်ခွဲနေတာ ငါးကြိမ်ပြီးသွားပြီ။ ဧပြီ ၁၅ ရက်နေ့ဟာ မြောက်ကိုရီးယားဖခင်ကြီး ကင်အီဆွန်း (လက်ရှိခေါင်းဆောင် ကင်ဂျုံအမ်းအဘိုး) မွေးနေ့ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်က ယင်းနေ့မှာ နူလက်နက်စမ်းသပ် ပစ်လွှတ်မှုလုပ်ခဲ့ပါတယ်။ နောက်ဆုံးဂြိုလ်တု သတင်းဓါတ်ပုံတွေအရ ယခုလာမဲ့ ဧပြီ ၁၅ ရက်နေ့ (Day of the Sun နေမင်းရဲ့နေ့လို့ မြောက်တွေခေါ်) မှာ 6 ကြိမ်မြောက် နူကလီးယား စမ်းသပ်ပစ်လွှတ်မှုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ အနေအထားလို့ ဆိုပါတယ်။ မြောက်ဟာ ဒီနူလက်နက်တွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတာ ဖြစ်တော့ တနည်းနည်းနဲ့တော့ ရှင်းမှရမှာပါ။ ဒီလိုရှင်းရာမှာလဲ အမေရိကန်က လုပ်မယ်ဆိုရင်တောင် တရုတ်နဲ့ ရုရှက ကြားနေဖို့ လိုပါတယ်။ ဒါပေမဲ့ နူလက်နက်ပိုင်ရှင်လည်းဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒီနှစ်နိုင်ငံက အာဏာရှင်တွေဘက်က အမြဲရပ်တည်ခဲ့တာပါ။
ဧပြီ ၁၅ ရက်နေ့မှာ မြောက်ကိုရီးယားက ကင်ဂျုံအမ်းသာ ၆ ကြိမ်မြောက် နူလက်နက်စမ်းသပ်မှုကို လုပ်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရင့် ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မသိရပါဘူး။ အာဖဂန်နစ္စတန်ကို ဗုံးကြဲမယ်ဆိုတာလည်း အရိပ်အမြွက်တောင် သတင်းမပေါက်ကြားခဲ့ဘူး၊ လျှပ်တပျက်တွေချည်း လုပ်ခဲ့တာ။ ဒီနေ့နေ့လည်ပိုင်းက အိမ်ဖြူတော်မှာ ပြောသွားတာက “North Korea is a problem, the problem will be taken care of” မြောက်ကိုရီးယားဟာ ပြဿနာရှိတယ်၊ ဒီပြဿနာကို ဖြေရှင်းရမှာပေါ့ တဲ့။ အကဲခတ်ရသလောက်တော့ ဧပြီ ၁၅ ရက်နေ့မှာ ကင်ဂျုံအမ်းသာ နူလွှတ်တင်ခဲ့ရင် ဒေါ်ကြီးက စစ်ရေးအရ တုန့်ပြန်တော့မယ်လို့ ထင်ရတယ်။ ရုရှကလည်း ကြားနေမဲ့ သဘောလို့ထင်တယ်။
ဒီနေ့ နေ့လည်ပိုင်းမှာတော့ ဒေါ်နွယ်ထွန်းရဲ့မျက်နှာအမူအယာက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေတယ်၊ ပုံမှန်အားဖြင့် သူ့ဆီမှာတွေ့ရတတ်တဲ့ မြီးကောင်ပေါက်မလေးရဲ့ မတည်မငြိမ် အမူအယာတွေ ပျောက်ကွယ်နေပြီး၊ တကယ်ကို ညာဏ်ပညာကြီးကြီး၊ အမျှော်အမြင်ကြီးကြီးနဲ့ အရေးကြီးစစ်ရေးကိစ္စတွေကို စိတ်လှုပ်ရှားမှုမရှိပဲ ပကတိတည်ငြိမ်တဲ့အမူအယာနဲ့ လုပ်နေ့ကျ နေ့စဉ်လုပ်ငန်းတခုကိုလုပ်နေသလားလို့ တောင်ထင်ရတယ်။
ကိုထွဋ်
No comments:
Post a Comment