တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် ယနေ့တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွား မြန်မာ့တပ်မတော် ၁၀ ဦးကျော် ကျဆုံး
၂၀၁၇ ခုနှစ်၊မေလ ၃ ရက်
တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ မေလ ၃ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။
တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအရှေ့ဖက် မောင်းအောက်အနီးတ၀ိုက်တွင် ယနေ့နံနက် ၆း၀၀ နာရီအချိန် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၅၇၁ နှင့်မြန်မာ့တပ်မတော် တပ်မ၈၈တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲထပ်မံဖြစ်ပွါးသည်။
မြန်မာ့တပ်မတော်သည် မေလ ၂ ရက်နေ့တွင်လည်း တအာင်းတပ်မတော်နှင့်တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးပြီး ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာဘက်မှ ကောင်းဝိုင်းဘက်သို့ထပ်မံထိုးစစ်ဆင်သောကြောင့် တိုက်ပွဲဖြစ်ပွါးရခြင်းဖြစ်သည်။
နံနက် ၀၆း၂၀ နာရီမှ ၀၇း၀၀ နာရီအချိန်ထိ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအရှေ့ဖက်တွင် တအာင်းတပ်မတော် TNLA တပ်ရင်း ၅၇၁ နှင့်မြန်မာ့တပ်မတော် တပ်မ ၈၈/၃၃ ပူးပေါင်းအဖွဲ့ တို့ တစ်ကြိမ်၊ နေ့လည် ၁၃း၃၀ နာရီအချိန်မှ ၁၄း၄၅ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊ မန်ဆွေ (ပိန်းပွန်) ရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ တစ်ကြိမ် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲထပ်မံဖြစ်ပွါးသည်။
မြန်မာ့တပ်မတော်သည် ဧပြီလ ၂၅ ရက်ခန့်က တအာင်းဒေသသို့ တပ်မ ၈၈ တပ်မ တစ်မလုံးနီးပါး တအာင်းဒေသသို့ ထပ်မံထိုးစစ်ဆင် လာခြင်းကြောင့် ဧပြီလ ၂၉ ရက်နေ့၌ တအာင်းတပ်မတော်နှင့် တိုက်ပွဲ စတင်ဖြစ်ပွားကာ ယနေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ၈ ကြိမ်ဖြစ်ပွားပြီးဖြစ်သည်။
ကောင်းဝိုင်းကျေးရွာအနီးတိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၅ ဦးကျဆုံးပြီး မန်ဆွေကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် ၈ ဦးကျဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိသည်။ တအာင်းတပ်မတော်ဖက်မှ ၂ ဦး သာမန်ဒဏ်ရာရရှိသည်။
ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသသို့ မြန်မာ့တပ်မတော် စစ်ကူ ထပ်မံ အင်အားဖြည့် ထိုးစစ်ဆင်လာပြီး တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်သည်။
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား မြန်မာ့တပ်မတော်မှ ကျေးရွာပတ်ဝန်းကျင်သို့ ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်
၂၀၁၇ ခုနှစ် မေလ ၂ ရက်
တအာင်းဒေသ၊ တပ်မဟာ(၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာကြားတွင် ယနေ့ နေ့လည် ၁၀း၁၈ နာရီအချိန်မှ ၁၄း၃၀ နာရီအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်ဖက်မှ အထိနာသဖြင့် ၁၅း၁၅ နာရီအချိန်တွင် ရဟတ်ယာဉ် ၃ စီးဖြင့် ကောင်းခေရွာ၊ နမ့်ဟွမ်ရွာနှင့် ပန်စံရွာ ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ် ခဲ့သည်။ လူ၊တိရစ္ဆာန်၊ အဆောက်အဦးထိခိုက်မှုမသိရသေးပါ။
တိုက်ပွဲဖြစ်ပွားချိန် ကြာလာသည်နှင့် အမျှ မြန်မာ့တပ်မတော်သည် နမ့်ခမ်းမြို့စခန်းသစ် တပ်စခန်းမှ နေ၍ ၁၂၀ မမ အမြောက်ဖြင့် ကောင်းခေရွာ၊ နမ့်ဟွမ်ရွာနှင့် ပန်စံရွာ ဖက်သို့ ယခုအချိန်ထိ အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။ မြန်မာ့တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နမ့်ဟွမ်ကျေးရွာ ဒေါ်အမ်(ခ) ယားလိုင်နေအိမ်ထိမှန်ကာ နေအိမ်အတွင်း၌ရှိနေသော အသက် ၈၀ အရွယ် အဖွားအို ဒေါ်အမ်(ခ)ယားလိုင် ထိမှန်ပြီး ပွဲချင်းသေဆုံးသွားသည်။
မြန်မာ့တပ်မတော်သည် ယခုအချိန်ထိ ထိုဒေသသို့ လက်နက်ကြီး ဆက်လက်ပစ်ခတ် နေဆဲဖြစ်သည်။
မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံ (၃)ဦး ဒဏ်ရာရ
၂၀၁၇ ခုနှစ် မေလ ၂ ရက်
မြန်မာ့တပ်မတော် တပ်မ (၈၈) သည် မန်လုံရွာသို့ ရောက်ရှိပြီး ကျေးရွာပတ်ဝန်းကျင်သို့ လက်ဖက်ခူးနေသည့် ပြည်သူများအား ရည်ရွက်ချက်ရှိရှိ လိုက်လံပစ်ခတ် ခဲ့သည်။ ရွာသားများမှ ၄င်းတို့လိုက်လံပစ်ခတ်သူသည် လက်ဖက်ခူးနေသည့် ပြည်သူများဖြစ်ကြောင်း ဆက်မပစ်ရန် တောင်းပန်သော်လည်း မြန်မာ့တပ်မတော် မှဆက်လက်ပစ်ခတ်ခဲ့သည်။ပစ်ခတ်မှုကြောင့် လက်ဖက်ခူးနေသည့် အပြစ်မဲ့ ပြည်သူ ၃ ဦး ထိမှန်ခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုကြောင့် လက်နက်ထိမှန် ဒဏ်ရာရသူများမှာ (၁)အမည် – ဒေါ်အိုင်ထာ ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၄၈ နှစ် ၊ အဘ – ဦးထမ်းဆွယ်၊ ဒဏ်ရာရရှိသည့်နေရာ-တင်ပါး နဲ့ ခါး ၊ (၂)အမည် – အိုင်သန်းဌေး ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၁၃ ၊ အဘ – ဦအိုက်ကျော်(ခ)အိုက်ဆွယ် ၊ ဒဏ်ရာရရှိသည့်နေရာ – တင်ပါး ၊ (၃) အမည် – အီရွှေဦး ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၁၇ ၊ အဘ – ညီကျော်ဖေ ၊ဒဏ်ရာရရှိသည့်နေရာ – ဒူး တို့ဖြစ်သည်။
ဒဏ်ရာရရှိသူများကို ဒေသခံများမှ နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။မြန်မာ့တပ်မတော်သည် ထိုသို့ ပြည်သူများအား ရည်ရွယ် ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ စိုးရိန်ထိတ်လန့်နေကြရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
=====
နမ့်ခမ်းမြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်တို့တိုက်ပွဲပြင်းထန် အရပ်သား ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
မေလ 3 ရက် 2017 ခုနှစ်
သျှမ်းသံတောဆင့်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရ တပ်မတော်တို့အကြား နမ့်ခမ်းဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကာ ရွာအတွင်းလက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။
1.villager got injureသျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ နှင့် နမ့်ခမ်းနယ်ကြား လမ်းတစ်လျှောက် – နမ့်ဆီးရီး ၊ နမ့်ဟွမ် ၊ ကောင်းခေ စသည့် တအာင်းပလောင်ရွာများအနီးတွင် မေလ ၂ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ကာ အစိုးရဘက်မှ ရဟတ်ယာဉ် များ ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။
ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဟွမ်ရွာသူ ဒေါ်ယားလိုင်း(နိုင်းအမ်) အသက် ရဝ ကျော် အဘွားအို တဦးသေဆုံးသည်။ ကောင်းခေရွာသူ အမျိုးသမီး ၃ ဦး – ဒေါ်အိုင်ထား အသက် ၄၈ နှစ်၊ မအိုင်သန်းဌေး ၁၃ နှစ်၊ မအီရွှေဦး အသက် ၁၇ နှစ် တို့လည်း ဒဏ်ရာအပြင်းအထန်ရရှိသည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာရှိသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
''ရဟတ်ယာဉ်တွေက နမ့်ခမ်းကနေကို မြင်နေရတာ။ လက်နက်ကြီးပစ်သံတွေလည်း မြို့ပေါ်ကနေကို ကြားနေရတယ်။ ဒေါ်နန်းအမ် အလောင်းလဲ နမ့်ခမ်းဆေးရုံမှာဘဲ။ ဒဏ်ရာရတဲ့သူလဲ နမ့်ခမ်းဆေးရုံမှာဘဲ'' ဟု နမ့်ခမ်းဒေသခံ စိုင်းအေး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် လွန်ခဲ့သည့် လမှ စတင်ကာ အစိုးရ တပ်ဘက်မှ နေရာဝင်ရောက် ချထားမှုများလည်း ရှိခဲ့သည်ဟု ဒေသခံအချို့က ဆိုကြသည်။ မေလ ၂ ရက်နေ့က နမ့်ဟွမ်ရွာထဲသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ရ၅ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု တအာင်းလူငယ်အဖွဲ့အစည်းတာဝန်ရှိသူနှင့် ဒေသခံအချို့က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။
‘ အမြောက်သံကြားရတော့ နမ့်ခမ်းမြို့တွင်းမှာလည်း လူအသွားအလာကျဲကုန်တယ်။ မြို့ထဲမှာတော့ ဘာမှ ဖြစ်တာတော့မရှိသေးဘူး ‘ ဟု နမ့်ခမ်းမြို့ခံ စိုင်းအွမ်ကလည်း မေလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြောသည်။
ယခုရက်ပိုင်းအတွင်း တအာင်းတပ်မတော်နှင့် အစိုးရ စစ်တပ်အကြား နမ့်ခမ်း ၊ ကွတ်ခိုင် နှင့် နမ္မတူမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက်ခန့်ရှိနေပြီဟု သိရသည်။
တအာင်း(ပလောင်) တပ်ဖွဲ့ TNLA မှာ ၂၁ ပင်လုံတွင် အခြားတိုင်းရင်းသားလက်နက်ကိုင်များနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့လည်းဖြစ်သည်။
No comments:
Post a Comment